ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီတွေ ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ တစ်ပတ်အတွင်း ဘူးသီးတောင်နဲ့ မောင်တောခရိုင်ကနေ ထွက်ခွာသွားပေးဖို့ ဒီနေ့ ဘူးသီးတောင်မြို့ မှာ ထောင်ဂဏန်းနီးပါးလောက်ရှိမယ့် ဒေသခံတွေ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဇန်နဝါရီလ ၁၃ရက်နေ့က မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေက သတင်းမှားတွေ ထုတ်ပြန်ခဲ့တာကြောင့် ထွက်ခွာသွားဖို့ တောင်းဆို တာဖြစ်ကြောင်း ဒီနေ့ ဘူးသီးတောင်မြို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးထွန်းအောင်သိန်းက RFA ကို ပြောပါတယ်။
"ဒုချီးရားတန်းကျေးရွာမှာ ဖြစ်သွားတဲ့ အမှုကိစ္စမှာ INGO အဖွဲ့တွေက ပါဝင်ပြီးတော့ အဖြစ်အမှန်ကို သတင်းအမှားပေးပြီးတော့ နိုင်ငံတကာဖိအားကို မြန်မာနိုင်ငံကိုပေးနေတယ်၊ အဲဒီအတွက်တော့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်ခံရပြီးနောက်ပိုင်းမှာ UN ကနေပြီးတော့ အကြမ်းဖက်တွေကို ကာကွယ်ပေးနေတဲ့အတွက် ကျနော်တို့ကနေပြီးတော့ UN ကို မောင်းထုတ်လိုက် ရခြင်းဖြစ်ပါတယ်"
ဆန္ဒပြသူတွေက ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ ဒုချီးရားတန်းကျေးရွာကိစ္စ အစီရင်ခံစာကို ပြန်ရုပ်သိမ်းပေးဖို့၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ၊ ဒေသတည်ငြိမ်အေးချမ်းဖို့၊ ဒုချီးရားတန်းကျေးရွာမှာ ပျောက်ဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်းရဲ့အမှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။