လခြမ်းနီအသင်းက ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ဆန်အိတ်တွေလှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး Mr. Murat Yavuz Ates နဲ့ တူရကီ လခြမ်းနီအသင်း ဒုတိယ ဥက္ကဌ Mr. Nihat Adiguzen တို့အဖွဲ့ဟာ မနေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ဆန်အိတ်ပေါင်း ၄ သောင်းကို ကိုယ်တိုင်လာရောက် လှူဒါန်းခဲ့ပါတယ်။

အဲဒီလို လှူဒါန်းရာမှာ ရခိုင်ပြည်နယ်တစ်ခုမှာရှိတဲ့ နှစ်ဘက်စလုံးက ဒုက္ခသည်တွေအတွက် လာရောက်လှူဒါန်းတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်း က RFA ကိုပြောပါတယ်။

မနေ့က ရောက်ရှိလာတဲ့ တူရကီသံအမတ်ကြီးအဖွဲ့နဲ့ အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တာဝန်ရှိသူတွေလည်း အတူလိုက်ပါလာခဲ့ကြပါတယ်။

သံအမတ်ကြီးအဖွဲ့ဟာ မနေ့က စစ်တွေမြို့ အုန်းတောကြီး ဒုက္ခသည်စခန်းနဲ့ မင်းဂံဒုက္ခသည်စခန်းတွေကို ဆန်အိတ်တွေ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း စက်ရုံစု ဒုက္ခသည်စခန်းနဲ့ ခေါင်းတုပ်ကာ ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင်၊ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း တာဝန်ရှိသူတွေနဲ့ တူရကီသံအမတ်ကြီးနဲ့အဖွဲ့ဟာ သီးသန့်တွေဆုံဆွေးခဲ့ပါတယ်။

အဲဒီလိုသီးသန့်တွေ့ဆုံဆွေးနွေးရာမှာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး ကိစ္စရပ်တွေအတွက် အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။