၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ ဒုက္ခသည်တွေ အားလုံးကို မူလနေထိုင်ခဲ့ရာ ဒေသတွေဆီ ပြန်ပို့နိုင်ရေး အတွက် ကုလသမဂ္ဂရဲ့ အကူအညီတွေ အများအပြား လိုအပ်နေတယ်လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် ဒေသ အတွင်း ပြန်လည်နေရာချထားရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်း အဝေးမှာ အခုလို ပြောကြားခဲ့တာပါ။
"မိုးမရွာခင်မှာ အမိုးအကာအောက်ရောက်ရှိ ဖို့ ဆောင်ရွက်နေသလို၊ တစ်ဖက်က ကျောက်တော်လို၊ ပေါက်တောလို နေရာမျိုးတွေက ဒုက္ခသည်တွေကို မှုလနေရင်းဒေသကို ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်တဲ့နေရာမှာ ကုလသမဂ္ဂရဲ့ အကူအညီတွေ အများကြီး လိုအပ်ပါတယ်"
ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်တွင်းမှာ အန္တရာယ်ကင်းကင်း သွားလာနိုင်ဖို့အတွက် လုံခြုံရေးအစီစဉ်တွေ ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးသွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်ဝင်းက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မိုးရာသီကာလ ရောက်ရှိတော့မှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေအတွက် မိုးလုံလေလုံ နေအိမ်တန်းလျားတွေကို အချိန်မီဆောက်လုပ်ပြီးစီးနိုင်ရေးကိစ္စတွေကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် တစ်သိန်းကျော်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။