ပြီးခဲ့နှစ် ဇွန်လက စစ်တွေမြို့နယ် အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ ရခိုင်တိုင်းရင်းသားဒုက္ခသည် မိသားစုပေါင်း ၆ဝဝ ကျော်ကို စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ လုံးချင်းနေအိမ်တွေမှာ ဒီကနေ့မနက်ပိုင်းကစတင်ပြီး ပြောင်းရွှေ့နေရာ ချပေးခဲ့ပါတယ်။
ဒီကနေ့ ရွှေ့ပြောင်းပေးခဲ့တဲ့ ဒုက္ခသည်တွေဟာ စစ်တွေမြို့ မိုးလေဝသ ဒုက္ခသည်စခန်းနဲ့ ဒုံးတိုက်ကွင်း ဒုက္ခသည်စခန်းတွေကဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဒုက္ခသည်တွေကိုလည်း နောက်နေ့တွေမှာ ဆက်လက်ပြောင်းရွှေ့သွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှဟန်က RFA ကိုပြောပါတယ်။
စစ်တွေမြို့နယ်အတွင်း ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေကို ပြည်နယ်အစိုးရက ယာယီစခန်း ၆ ခုလောက် ဖွင့်လှစ်နေရာချထားပေးခဲ့တာဖြစ်ပြီး အဲဒီစခန်းကဒုက္ခသည်တွေကို ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်း စက်မှုဇုန်ရပ်ကွက်မှာ လုံးချင်းအိမ်ရာတွေနဲ့ သီးခြားနေရာချထားပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်ဒုက္ခသည်တွေကို နေရာချထားပေးရာမှာ အခုလက်ရှိမှာ ၉ဝ ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဒုက္ခသည်တွေကိုလည်း အခုလမကုန်ခင်မှာ အပြီးအပြတ်နေရာချထားပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။