သတင်းထောက်အပေါ် လက်ရောက်ကျူးလွန်မှု တရားဝင်တောင်းပန်ဖို့ ဂျာနယ်တောင်းဆို


2014.12.11

ရခိုင်ပြည်နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ သတင်းသွားယူတဲ့ စစ်တွေမြို့အခြေစိုက် Development News သတင်းဂျာနယ် အကြီးတန်းသတင်းထောက်ကို ရုံးဝန်ထမ်းတစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအပေါ် တရားဝင်တောင်းပန်ဖို့ ဂျာနယ်တာဝန်ရှိသူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။

ဂျာနယ်တိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Development News သတင်းဂျာနယ်က ကိုကျော်စိုးဦး က အခုလိုပြောပါတယ်။

"ကျနော်တို့ကပေါ့နော် သူတို့ဆီက တရားဝင်တုန့်ပြန်မှုတွေကို လိုချင်တာပါ၊ တရားဝင်တုန့်ပြန်မှု ဆိုတာကပေါ့နော် သူတို့ဘက်ကရှိတဲ့ဝန်ထမ်းကို ကျနော်တို့ရုံးကို လာသလိုပဲဖြစ်စေ၊ ပြီးတော့ ကျနော်တို့ဆီက အရိုက်ခံရတဲ့ ကိုကျော်လင်းဆီကိုပေါ့နော် သူ့ရဲ့ဂုဏ်သိက္ခာအရ အဲ့ဒီဘက်ကရိုက်ခဲ့တဲ့ ကိုပေါင်ပေါင်က လာပြီးတော့ တောင်းပန်စေချင်တယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က Development News သတင်းဂျာနယ်ရဲ့ အကြီးတန်းသတင်းထောက် ကိုကျော်လင်းဟာ ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း တည်ဆောက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ သွားရောက်သတင်းယူခဲ့ပါတယ်။

ပြည်နယ်ဆိပ်ကမ်းအရာရှိ ဦးထွန်းဌေးက အစည်းအဝေးခန်းထဲရောက်ရှိနေတဲ့အတွက် လုံခြုံရေးဂိတ်ဝမှာရှိတဲ့ ဆိပ်ကမ်းဝန်ထမ်း ဦးကျော်မျိုးထွန်း(ခေါ်) ပေါင်ပေါင်ဆိုသူထံကနေ  အရာရှိ ဦးထွန်းဌေးရဲ့ တယ်လီဖုန်း နံပါတ်ကို တောင်းယူရာမှာ နိုင်ထက်စီးနင်းပြောဆို ဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် သတင်းထောက် ကိုကျော်လင်းက ပြည်နယ်ဆိပ်ကမ်းအရာရှိ ဦးထွန်းဌေးနဲ့ တွေ့ဆုံပြီး ပြန်ထွက် လာရာမှာ ဆိပ်ကမ်းဝန်ထမ်း ဦးကျော်မျိုးထွန်းက တားဆီးပြီးထိုးကြိတ်ခဲ့တာလို့ သိရပါတယ်။

သတင်းထောက်တစ်ဦးကို အခုလို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုအပေါ် ဖြေရှင်းပေးဖို့အတွက် Development News သတင်းဂျာနယ်က ပြည်နယ်ဆိပ်ကမ်းအရာရှိကို ဒီဇင်ဘာလ ၈ ရက်နေ့က စာနဲ့အကြောင်းကြားစာ ပေးပို့ ခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။