အဲဒီ မြို့နယ် ၂ ခု အတွင်း လမ်းတွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ ဗလီ၊ ကျောင်းနေရာတွေမှာ ၅ ဦး (သို့) ၅ ဦးထက် ပိုမိုစုဝေးခြင်းမပြုရ။ ညနေ (၆) နာရီကနေ နံနက် (၆) နာရီအတွင်း ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားကြောင်း သမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ မှူးဇော်အမည်ခံ ဖေ့စ်ဘုတ်ခ် အင်တာနက် စာမျက်မှာတော့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ဝင်များ အမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေဟာ လက်နက်တွေနဲ့ နယ်စပ်ကို ဖြတ်ကျော်လာတယ်လို့ သတင်းရကြောင်းနဲ့ မိမိတို့စစ်တပ်တွေကလည်း အပြတ်ချေမှုန်းမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ နာရီအနည်းငယ်က ဖော်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အခြေအနေတွေကို တည်ငြိမ်အောင် ရခိုင်ပြည်နယ် အစိုးရက ဗဟိုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
အခြေအနေတွေ ပိုမိုမဆိုးရွားအောင် ကာကွယ်နိုင်ဖို့ အတွက်လည်း ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့် ပိုပြီးရှိဖို့ လိုအပ်လာတယ် လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ ဘူးသီးတောင်နဲ့ မောင်တောအကြား အခြေစိုက်တဲ့ မြန်မာတပ်ရင်းတွေက မောင်တောမြို့တွင်းကို ၀င်ရောက် ထိန်းချုပ်ထားတယ်။ ဒါအပြင် မိတ္ထီလာ လေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ လေတပ်အသိုင်းအ၀ိုင်းကို ကိုးကားပြီး Yangon Press International သတင်းမှာ ရေးသားထားပါတယ်။
NLD နာယက ဦးတင်ဦးကို ဒေါ်အင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |
ဒေါက်တာအေးမောင်နဲ့ ဒေါ်အင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |