ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းအပေါ် ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားအမြင်တွေကို ရှင်းလင်းတင်ပြရခြင်း ဖြစ်တယ်လို့ ပါတီ ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။
"အခု ဒီဖြစ်ပေါ်သွားတဲ့ ဒီအဖြစ်ဆိုးဟာပေါ့လေ၊ တကယ်တော့ တဘက်နိုင်ငံက နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို နည်းမျိုးစုံနဲ့ ဝင်ရောက်လာတယ်။ လူဦးရေများလာတယ်။ ဒီများလာတဲ့လူဦးရေအရ တဘက်စောင်းနင်း ဆက်ဆံမှုတွေ ရှိတဲ့အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်ရတယ် ဆိုတာကို မီးမောင်းထိုးပြချင်တာ"
လက်ရှိ ဘူးသီးတောင်၊ မောင်တောမြို့မှာ အခြေအနေတွေ ဆိုးဝါးနေပြီး တခြားမြို့တွေကိုပါ ကူးစက်လာနေတဲ့အတွက် မိမိတို့အဖွဲ့အနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်စဲအောင် နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီများ အခြားအဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ မပြန့်ပွားအောင် ကြိုတင်တားဆီး ကာကွယ်မှုတွေ ပြုလုပ်ရန်၊ ဒေသခံပြည်သူတွေကို အကာအကွယ်ပေးနိုင်မယ့် လုံခြုံရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးရန်နဲ့ ဘူးသီးတောင် မောင်တောဒေသ ပြန်လည်ထူထောင်ရေးကို အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန်၊ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံသားဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် စတဲ့အချက်တွေကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို တိုင်းရင်းသားပါတီခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီအသီးသီးက ပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ပျက်မူတွေအပေါ်ဆန္ဒဖော်ထုတ်ခြင်းနဲ့ ဆုတောင်းပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာပြုလုပ်ပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် ကိုမိုးကျော်က သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
လက်ရှိဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အရေးကိစ္စဟာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ ဖြစ်တဲ့ ပဋိပက္ခမဟုတ်ဘူးလို့ မြန်မာ-မူစလင် အမျိုးသားရေးရာ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က ပြောလိုက်သလို အစ္စလာမ်ဘာသာဝင်တွေအားလုံး မေတ္တာတရားနဲ့ ယှဉ်ပြီး ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ဖို့ မြန်မာ-မူစလင် အမျိုးသားရေးရာအဖွဲ့ချုပ် က တိုက်တွန်းလိုက်ပါတယ်။
ဦးကျော်ခင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
