ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက် ဘောဒူဘ ဒုက္ခသည်စခန်း မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မွတ်စလင် ဒုက္ခသည်တွေကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှာ သေဆုံးသူ ၂ ဦးရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက RFA ကို တနင်္လာနေ့က ပြောပါတယ်။
စခန်းအနီး ချောင်းအတွင်းမှာတွေ့ရှိရတဲ့ လူသေအလောင်းတစ်ခုကို အကြောင်းပြုပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို လုံခြုံရေးတပ်ဖွဲ့က နှိမ်နင်းလူစုခွဲခဲ့ရာမှာ ဒဏ်ရာရသူ ၁၀ ဦးရှိခဲ့ပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲက ၂ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
"ဖြစ်စဉ်မှာ သူတို့ဘက်က တစ်ယောက်ဆုံးတာရယ်၊ တနင်္ဂနွေနေ့က ဆေးရုံမှာဒဏ်ရာရတဲ့ တစ်ယောက်ရယ်၊ ၁ဝ ယောက်မှာ ၂ ယောက်ဆုံးတော့ ရှစ်ယောက်ကျန်မှာပေါ့"
ဒဏ်ရာရသူတွေကို သက်ဆိုင်ရာက စစ်တွေဆေးရုံကြီးနဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေအနီးက ဒါးပိုင်ဆေးရုံတွေမှာ ဆေးကုသပေးနေတယ်လို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။
အဲဒီဖြစ်စဉ်တွေမှာ နယ်မြေခ့ ရဲကင်းစခန်းကို မီးရှို့ခဲ့တာနဲ့ ပတ်သက်လို့ လူသုံးဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
