မောင်တော မွတ်စလင်ရွာကိစ္စ လုပ်ကြံသတင်းလွှင့်တာ လို့ ပြည်နယ်အစိုးရ ပြော

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း မွတ်စလင်ကျေးရွာမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က တပ်ကြပ်ကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦး အကြမ်းဖက်ခံရပြီး ပျောက်ဆုံးနေတဲ့ကိစ္စမှာ အကြမ်းဖက်သူတွေက သူတို့ရဲ့လုပ်ရပ်ကို ဖုံးဖိလိုတာကြောင့် နိုင်ငံတကာအသိုင်းမှာ လုပ်ကြံသတင်းအမှားတွေ လွှင့်နေတာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ နိုင်ငံတကာမှာ သတင်းတွေ ထွက်နေသလို မွတ်စလင်ကျေးရွာသားတွေ အသတ်ခံရတယ်လိုဆိုတာ မဟုတ်မမှန်ကြောင်း ဒေသခံ မွတ်စလင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဝန်ခံထွက်ဆိုကြောင်း မနေ့ကခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။

"ကင်းလှည့်တယ်ဆိုတာက ရဲတပ်ဖွဲ့ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ၊ အဲဒီလှည့်တဲ့အချိန်မှာ သူတို့အုပ်စုကနေပြီးတော့ ရဲတပ်ကြပ်ကြီးကို ဝိုင်းဝန်းရိုက်နှက်ပြီးတော့ ခေါ်ဆောင်သွားတာ အခုအချိန်အထိ ပျောက်နေတယ်၊ အဲဒီပျောက်နေတဲ့ဟာကိုကျတော့ နိုင်ငံတကာက မလွှင့်ဘူး၊ မလွှင့်ဘဲနဲ့ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေကပဲ ဘင်္ဂါလီလူမျိုးတွေကို သတ်ဖြတ်နေပါတယ်ဆိုပြီးလွှင့်တာဟာ ကျနော်တို့ရဲတပ်ကြပ်ကြီးကို ရိုက်နှက်တဲ့ကိစ္စကို ဖုံးဖိချင်လို့ အဲလိုလွှင့်တယ်လို့ပဲ ကျနော်ယူဆတယ်၊ လူ ၄ဝ လောက် သေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖုံးဝှက်ထားလို့ရမလဲ၊ အခုကျနော်တို့ စစ်ဆေးတဲ့အခါမှာလည်း ရွာသားတွေ မေးတဲ့အခါမှာလည်း သတ်တာကို သူတို့မမြင်ဘူးလို့ ပြောပါတယ်"

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ် လွှတ်တော် အမတ်တွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကိုယ်စားလှယ်တွေ ဒုချီးရားတန်းကျေးရွာကို မနေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဒုချီးရားတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကိုသိရှိနိုင်ဖို့ ဒေသခံ ဘာသာရေးခေါင်းဆောင်တွေနဲ့ မွတ်စလင် ၈၀ လောက်ကို မနေ့က စုဝေးမေးမြန်းခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က မောင်တောမြို့နယ် ခရေမြိုင် ရဲကင်းက လုံခြုံရေးတာဝန်ရှိသူတွေ ဒုချီးရားတန်း မွတ်စလင် ကျေးရွာတဝိုက် လုံခြုံရေးကင်းလှည့်စဉ် အကြမ်းဖက်ခံရပြီး တပ်ကြပ်ကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦး သေနတ်နဲ့အတူ ပျောက်ဆုံးသွားခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။