ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစိုးရ တပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့ရဲ့ တိုက်ပွဲတွေမှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က တပ်ဖွဲ့ဝင် ၈ ဦး ပါဝင်ပတ်သက်မှုရှိနေတယ်ဆိုပြီး ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ALP ခေါင်းဆောင်တွေကို ခေါ်ယူစစ်ဆေးခဲ့ ပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ဦးဆောင်တဲ့ အဖွဲ့က မနေ့က ခေါ်ယူ စစ်ဆေးမေးမြန်းတာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ စွပ်စွဲမှုဟာ မမှန်ကန်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ALP ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းက ပြောပါတယ်။
"အဓိက ကတော့ ၂၉ ရက်နေ့က တိုက်ပွဲဖြစ်သွားခဲ့တာ၊ အဲ့ဒီကိစ္စကိုမေးတာပေါ့၊ မေးတော့ကျနော်တို့တပ်ဖွဲ့ ကလူ ၈ ယောက်ပါတယ်ဆိုပြီးတော့ ကျနော် တို့ကို စွပ်စွဲတဲ့ သဘောရှိတာပေါ့၊ ကျနော်တို့က ကျနော်တို့ လမ်းကြောင်းနဲ့ ကျနော်တို့သွားနေတာဆို တော့ တစ်ခါတလေကျတော့ ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူး၊ ဒီလိုငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာသွားနေတော့ ဒီလိုသံသယဝင်တာတွေကမကောင်းဘူးပေါ့"
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အနေနဲ့ ရခိုင်တပ်မတော် AA နဲ့ ပတ်သက်မှု မရှိကြောင်း ဖြေရှင်းချက်ပေးဖို့ အစိုးရဘက်က တောင်းဆိုထားတဲ့အပြင် AA က ဖမ်းဆီး ထားတဲ့ တပ်မတော်သား ၂ ဦးကို ပြန်လွှတ်ပေးဖို့ လည်း တောင်းဆိုထားတယ်လို့ ဦးခိုင်အောင်စိုးသန်းက ပြောပါတယ်။
ALP ပါတီခေါင်းဆောင်တွေကို ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်မှုရှိ၊ မရှိကို အခုလို ခေါ်ယူစစ်ဆေးတာ ဒုတိယ အကြိမ်မြောက်ဖြစ်ပါတယ်။
အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ အစိုးရတပ်မတော်အရာရှိတစ်ဦး ကျဆုံးခဲ့ပြီး တပ်သား ၂ ဦး ဖမ်းဆီး ခံထားရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
