ရခိုင်ကော်မရှင်အဖွဲ့ ကိုဖီအာနန် နဲ့ တေ့ွဆုံမည်

ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ လာမယ့် ဇူလိုင်လလယ်မှာ ကော်မရှင်ခေါင်းဆောင်ဖြစ်တဲ့ ကိုဖီအာနန်နဲ့ တွေ့ဆုံဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီခရီးစဉ်မှာ ကော်မရှင် အဖွဲ့ဝင်အားလုံး ပါဝင်မှာဖြစ်ပြီး အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ဆွေးနွေးမှာဖြစ်တယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

"ဂျနီဗာမှာ သွားတွေ့မယ်ခင်ဗျာ။ ဇူလိုင်လ လယ်ပိုင်းမှာ သွားမယ်ခင်ဗျ။ ကျနော်တို့ နောက်ဆုံး အကြံပြုချက်ကို တင်ဖို့ အတွက်ပါ။ တော်တော် ပြီးပြည့်စုံနေပါပြီ။ သြဂုတ်လ မကုန်ခင်မှာ တင်ရမယ်။ ကျနော်တို့က ကျနော်တို့ သက်တမ်း ပြည့်ပြီလေ"

ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်ပါတယ်။

ရခိုင်အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာကို ပြီးခဲ့တဲ့ မတ်လအတွင်းက ထုတ်ပြန်ထားပြီး အဲဒီအစီရင်ခံစာ မှာ သတင်းမီဒီယာတွေနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို ရခိုင်ပြည် နယ်က ပဋိပက္ခဒေသတွေကို သွားရောက်ခွင့်ပြုဖို့နဲ့ ဒုက္ခသည်တွေကို နေရာပြန်လည် ချထားပေးဖို့ စတာတွေ ပါဝင်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လာမယ့် သြဂုတ်လမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။