ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်ကျေးရွာမှာ ကျေးရွာသားတွေနဲ့ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့အကြား အချင်းဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မနေ့က အဲဒီရွာကဒေသခံ ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီ ဒုချီးရာတန်ကျေးရွာမှာ အမျိုးသမီး ၅၀ လောက်ကိုသာ တွေ့ရှိခဲ့ရကြောင်းနဲ့ အမျိုးသားတွေ ထွက်ပြေးပုန်းရှောင်နေတာ ဖြစ်နိုင်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့အတူ လိုက်ပါသွားတဲ့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောပါတယ်။
“သူတို့ကတော့ မိန်းမတွေပဲဖြစ်နေတဲ့အခါ ယောကျ်ားတွေ ဘယ်နေရာရောက်နေလဲ ဆိုတာကိုတော့ မသိပါဘူးလို့ပဲပြောပါတယ်၊ မိန်းမတွေအသက်ကို ခုလောလောဆယ် အိမ်ဝင်ထွက်တဲ့အခါမျိုး စိုးရိမ်ကြတာပေါ့၊ သူတို့ကတော့ပြောတယ်၊ အိမ်မှာ စားစရာ သောက်စရာတွေ ကျန်မှာမဟုတ်ဘူးတဲ့၊ အားလုံးက လုယူသွားတယ်၊ ခိုးယူသွားတယ် ဆိုတဲ့သဘောကို သူတို့သိတယ်၊ အဲဒါကြောင့် အခုပြန်လို့ရှိရင်လည်း ကျနော်တို့ဘာစားမလဲ ဘာညာပေါ့ အဲလိုပြောတယ်”
အခင်းဖြစ်ပွားတဲ့နေ့ကတည်းက ရဲတပ်ကြပ်တစ်ဦးနဲ့ သေနတ်တစ်လက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒုချီးရာတန်ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ပဋိပက္ခ ဖြစ်တာကြောင့် ကျေးရွာသားတစ်ချို့ သေဆုံးခဲ့တယ်လို့ အေပီသတင်းနဲ့ ဧရာဝတီသတင်းတွေမှာ ဖေါ်ပြခဲ့ပါတယ်။ အဲဒီအချက်ဟာ မမှန်ကန်ကြောင်း အဲဒီလိုဖြစ်စဉ် လုံးဝမရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီနေ့ အဲဒီရွာမှာ ဒေသခံတွေကို မေးကြည့်ရာမှာ လူအသေအပျောက်နဲ့ အပျက်အစီးမရှိခဲ့ဘူးလို့ ပြောကြားခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း ခေါ် ဇာဟိန်းဂိရ်က ပြောပါတယ်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။