ရခိုင်ပြည်နယ် မုန်တိုင်းသတိပေး


2016.05.21
roanu-storm-21may-620.jpg ၂၀၁၆ ခုနှစ်၊ မေလ(၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၅း၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းခန့်မှန်းချက်ကို တွေ့ရစဉ်
ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရွန်နူ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်ကြောင်း ရခိုင်ပြည်နယ် ပေါက်တော၊ ဘူးသီးတောင်၊ မောင်တောမြို့ နယ်တွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေက မုန်တိုင်းသတိပေးချက် လိုက်လံကြေညာတာတွေ၊ ဘေးလွတ်ရာ ကို ပြောင်းရွှေ့တာတွေ ဆောင်ရွက်ပေးနေပါတယ်။

မောင်တောမြို့နယ် တာဝန်ရှိသူတွေက မုန်တိုင်းသတိပေးချက်တွေကို လော်စပီကာတွေနဲ့ လှည့်လည်ကြေ ညာပေးနေတယ်လို့ မောင်တောမြို့မှာ နေထိုင်တဲ့ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

"လေတိုက်နှုန်းတွေပြင်းလာပြီးတော့ ဒီရေက အဆမတန် မြင့်တက်လာတဲ့သဘောပေါ့နော်၊ သူတို့ပြောပုံ အရကတော့၊ ကျနော်တို့လူမှုအဖွဲ့အစည်းတွေနဲ့ အကုန်လုံးပေါင်းစပ်ပြီးတော့ ပေါက်တောမြို့နယ်သာသနာ့ ဗိမာန်မှာ ကျနော်တို့နေရာချထားပေးပါတယ်ခင်ဗျာ၊ ပြီးတော့ ညနေဖက်ထမင်းကိုလည်း လူမှုကူ ညီရေးထောက်ပံ့ရေးအသင်းကနေပြီးတော့ ကျွေးမွေးသွားမယ်ဆိုပြီးတော့ အစီအစဉ်ချထားတာရှိပါတယ်"

မောင်တောမြို့နယ်က ပင်လယ်ကမ်းခြေနဲ့နီးတဲ့ရွာတွေနဲ့ ပေါက်တောမြို့နယ် အရှေ့ဖရုံကာကျွန်းမှာ ရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေမှာ ပြောင်းရွှေ့ခိုလှုံနေကြပါတယ်။

အလားတူ ပေါက်တောမြို့နယ် ချောင်းသာကြီး ကျေးရွာက ဒေသခံ ၈ဝ လောက်ကို  ပေါက်တောမြို့ပေါ် သာသနာ့ ဗိမာန်ဓမ္မာရုံမှာ ပြောင်းရွှေ့နေရာချထားပေးတယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

"ဒီမှာကတော့ မိုးရွာလိုက်၊ ခနလေးနေသာလိုက်၊ အဲ့လိုနဲ့ လေပြင်းတိုက်လိုက်နဲ့ပါ၊ မိုးသက်လေပြင်း လို့တော့ ပြောလို့ရတယ်၊ မုန်းတိုင်းကတော့ ကြေညာနေတယ်၊ သင့်လျော်တဲ့နေရာတွေကို မွတ်စလင်ဆို လည်း မွတ်စလင်အလျောက်၊ ရခိုင်ဆိုလည်း ရခိုင်အလျောက်၊ ဘုန်းကြီးကျောင်းတို့၊ ဗလီတို့ ခိုင်ခံ့တဲ့ အဆောက်အအုံတွေကို ရွှေ့ပြောင်းဖို့၊ ပင်လယ်ကမ်းစပ်နားမှာမနေကြဖို့ အဲ့လိုလေးတွေကိုတော့ အသံချဲ့ စက်နဲ့ လိုက်အော်နေပါတယ်"

ဒါ့အပြင် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးက လူနာတွေကို ကုန်းမြင့်စာသင်ကျောင်းတစ်ခုကို မနေ့က ပြောင်းရွှေ့ပေးထားပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲသွားလာနေတဲ့ အမြန်ရေယာဉ်ခရီးစဉ်တွေကို မနေ့ကစပြီး ၃ရက်ကြာ ယာယီရပ်နားထားသလို မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ အကြီးမားဆုံး ကုန်သွယ်ရေးဂိတ်ဖြစ် တဲ့ မောင်တော အမှတ်(၁) ကုန်သွယ်ရေးဂိတ်ကိုလည်း ယာယီပိတ်ထားပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရွန်နူ ဆိုင်ကလုန်းမုန်တိုင်းကို အန္တရာယ်ရှိတဲ့ အနီရောင်အဆင့် သတ်မှတ်ထားပြီး မြေပြိုမှုအန္တရာယ်၊ ရေကြီး၊ ရေလျှံမှုအန္တရာယ်တွေကို သတိထားရှောင်ရှားကြဖို့၊ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေလည်း အထူးသတိထားကြဖို့ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။