ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ကျောင်းသား တစ်ထောင်ခန့် ဆန္ဒပြ

ရခိုင်ပြည်နယ် တက္ကသိုလ် ကျောင်းလေးကျောင်းက ကျောင်းသား/ကျောင်းသူ ၁၀၀၀ ခန့် စုပေါင်းပြီး အောက်တိုဘာလ ၂၄ ရက် ဒီကနေ့မနက်ပိုင်းက လောကနန္ဒာဘုရားကနေ ဦးဥတ္တမ ပန်းခြံထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့တဲ့ အချက်တွေကို ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီ (ယာယီ) မှ ကိုဝေယံကျော်က RFA ကို အခုလို ပြောပြပါတယ်။

“…ဗူးမင်ကျေးရွာရယ် ၊ ကတ္တီပါကျေးရွာတွေကို အမြန်ဆုံး ပြောင်းရွှေ့ပေးပါရန်၊ လိုအပ်တဲ့ သင်ကြားမှု ပစ္စည်းတွေကို ဖြည့်ဆီးပေးပါရန်၊ ….တရားမဝင် နယ်မြေလုလာတဲ့ အကြမ်းဖက် ဘင်္ဂလာလီလူမျိုးတွေ နဲ့ အတူတကွ ပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန် ၊ ကျောင်းသားများ နေထိုင်နိုင်သည့် အဆောင်များ အမြန်ဆုံး ဆောက်လုပ်ပေးရန် နှင့် ကျောင်းဖယ်ရီ ကားများကို ပြည်နယ်အစိုးရ အနေနဲ့ ဈေးနှုန်းချိုသာစွာ ဆောင်ရွက်ပေးရန်တို့ဖြစ်ပါတယ်…”

ဒီဆန္ဒပြပွဲကို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်နဲ့ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် တွေက ကျောင်းသား/ကျောင်းသူတွေ ပူးပေါင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ကျောင်းသားတွေဟာ နိုင်ငံတော် သမ္မတဆီကို ပေးပို့ထားတဲ့ တောင်းဆိုချက် ငါးချက်ကို ဖော်ပြထားတဲ့ လက်ကိုင်ပိုစတာတွေကိုင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာပါ ဆန္ဒပြဖို့ တောင်းဆိုထားပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေက အဲဒီရှေ့မှာ ဆန္ဒပြခွင့်မပြုခဲ့တာကြောင့် ဦးဥတ္တမပန်းခြံကိုသာ သွားရောက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။