ရခိုင်ပြည်နယ် ပဋိပက္ခ လူ ၃ ဦးသေဆုံးပြီး အိမ် ၇ဝ ကျော်ပျက်စီး


2013.10.01

ရခိုင်ပြည်နယ်မှာ အင်္ဂါနေ့ညက အခြေအနေတွေ ငြိမ်သက်နေခဲ့ပါတယ်။ သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သဗြုချိုင်ကျေးရွာနှစ်ရွာမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူ ၃ ဦးသေဆုံးပြီး၊ နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မီးရှို့တိုက်ခိုက်ခံရတဲ့ သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေဟာ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှုတွေကြောင့် အသက် ၉၄ နှစ်အရွယ် မွတ်ဆလင်အဖွားအိုတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး၊ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာတွေ နဲ့ ဆေးရုံတက် ကုသခံနေရတယ်လို့ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာက ဖော်ပြပါတယ်။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း သဗြုချိုင်ရွာအုပ်ချုပ်ရေးမှူး ဦးထွန်းခင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သေဆုံးသူ ၃ ဦးရှိတယ်လို့ပြောပါတယ်။

အင်အား ၈၀၀ လောက်ရှိတဲ့ လူအုပ်က အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြစဉ်အတွင်း ရဲနဲ့စစ်တပ်က ထိထိရောက်ရောက် မဆောင်ရွက်ခဲ့ကြဘူးလို့ ဝေဖန်သူတွေရှိပေမယ့် ရဲအရာရှိတစ်ဦးကတော့ အကြမ်းဖက်လူအုပ်ကို လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်အချက် ၃၀ သတိပေး ပစ်ခတ်လူစုခွဲခဲ့ကြောင်း၊ အခုဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို ဲ ဦးဆောင်ခဲ့သူတွေဟာ အရင်ပဋိပက္ခတွေအတွင်း လှုပ်ရှားခဲ့သူတွေပဲ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ရိုက်တာသတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေက သံတွဲမြို့ပေါ်မှာ ကမန်အမျိုးသားတစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးတို့ သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စကားများရာကနေ မီးရှို့မှုဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီနောက် အခုလို အနီးတဝိုက်ရွာတွေမှာ အင်္ဂါနေ့က နောက်ဆက်တွဲ အကြမ်းဖက်မှုတွေပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒီအတွင်း ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တောမြို့နယ်က နှစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား နှစ်ဦးနှစ်ဘက် သင့်သင့်မြတ်မြတ် အတူနေထိုင်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ဒုက္ခသည်တွေအတွက် နေအိမ်ဆောက်လုပ်ပေးထားတဲ့ အခြေအနေတွေကို ရဟတ်ယာဉ်နဲ့ ကြည့်ရှုခဲ့ပါတယ်။ ကျောက်တော်မြို့မှာ ဒေသခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အခါ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ရဲနဲ့စစ်တပ် ထိန်းချုပ်မှုနဲ့မလုံလောက်ဘဲ၊ လုံခြုံရေးအတွက် ဒေသခံခေါင်းဆောင်တွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ကြပါမှ အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုတွေကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

မနေ့ ညနေပိုင်းမှာတော့ စစ်တွေမြို့က ရခိုင်တိုင်းရင်းသားတွေ၊ မွတ်ဆလင်ကိုယ်စားလှယ်တွေ တစ်ဘက် ၁၅ ဦးစီနဲ့ စစ်တွေမြို့ ဗန္ဓုလရိပ်သာမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ မနက်ပိုင်းမှာ သဗြုချိုင်ရွာကိုသွားရောက်ကြည့်ရှုမယ်လို့လည်း သတင်းရပါတယ်။ ဒါ့အပြင်လူမှုအဖွဲ့အစည်းတွေ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဖို့ရှိသလို နေ့လည်ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲမြို့နယ်တွေဘက်ကို သွားရောက်ဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး သဗြုချိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းခင်နဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။