ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ စိုးရိမ်

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၆၀ လောက် ရှိနေပြီလို့ ရခိုင်ပြည်နယ် ပြန်ကြားရေး အရာရှိ ဦးဝင်းမြိုင်ကပြောဆိုကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

လူတွေထောင်နဲ့ချီပြီး အိုးအိမ်တွေစွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း မြန်မာအစိုးရက မနေ့က အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်းက လတ်တလောဖြစ်ပေါ်နေတဲ့မငြိမ်သက်မှုတွေဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာတည်ရှိနေတဲ့ လူ့အခွင့်အရေးပြသနာတွေကို မီးမောင်းထိုးပြနေတာဖြစ်ပြီး ဒါဟာမြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အတွက်စိုးရိမ်ပူပန် စရာဖြစ်ပါတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနား (Tomas Quintana) က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုတွေအပါအဝင် ရခိုင်ပြည်နယ်ကမငြိမ်သက်မှု၊ တင်းမာမှုတွေရဲ့ အကြောင်းရင်းတွေနဲ့ စွပ်စွဲပြစ်တင်နေမှုတွေကို စုံစမ်းဖော်ထုတ်ရမှာဖြစ်တယ်လို့ မစ္စတာကင်တားနားက ပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို နှစ်ဖက်စလုံးကရပ်ဆိုင်းကြဖို့ အမေရိကန်ပြည်ထောင်စု ကတောင်းဆိုလိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး Victoria Nuland က ပြောပါတယ်။

အစိုးရအာဏာပိုင်တွေ၊ အရပ်ဖက်နဲ့ဘာသာရေးခေါင်းဆောင်တွေဟာ လတ်တလောဖြစ်ပွားနေတဲ့အကြမ်းဖက် မှုတွေရပ်တန့်ရေးအတွက် ချက်ခြင်းဆောင်ရွက်ကြဖို့ တခြားကမ္ဘာ့နိုင်ငံများနည်းတူ အမေရိကန်ပြည်ထောင်စု ကလည်းတောင်းဆိုကြောင်း။ မြန်မာအစိုးရအနေနဲ့ လည်း အကြမ်းဖက်မှု ဖြစ်နေတဲ့ နေရာတွေကို လူသားခြင်းစာနာရေးဆိုင်ရာ အကူအညီတွေပေးရေးအတွက် နိုင်ငံတကာကိုလွတ်လပ်စွာ သွားရောက်ခွင့်ပြုဖို့နဲ့ ပြသနာတွေကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအတွက် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေး မှုတွေဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း Victoria Nuland က ပြောပါတယ်။