ဘူးသီးတောင်မှာ စစ်ပြေးဒုက္ခသည်ထပ်တိုး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှာ စစ်ပြေးဒုက္ခသည် ၄ဝဝ နီးပါးလောက် အထိ ရောက်ရှိနေပါတယ်။

ရသေ့တောင်မြို့နယ် ကျော်လမ်းချောင်းကျေးရွာမှာ မနေ့က လက်နက်ကြီး သုံးကြိမ်လောက်ရွာ အနီးမှာ ကျရောက်ခဲ့တာကြောင့် ရွာခံလူဦးရေ ၈ဝ ကျော်ဟာ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှာ ဒုက္ခသည်တွေတိုးလာနေတာဖြစ်ပါတယ်။

ရွာလုံးကျွတ်နီးပါး ထွက်ပြေးလာခဲ့ကြတာဖြစ်တယ်လို့ ထွက်ပြေးလာသူတစ်ဦးဖြစ်တဲ့ ဦးရွှေသာထွန်း က ပြောပါတယ်။

ဒီနေ့ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ ကလေးငယ် ၃ဝ လောက် ပါဝင်ပါတယ်။

ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှာ အရင်က စစ်ဘေးဒုက္ခသည် ၃ဝဝ ကျော်ရှိနေခဲ့ပြီး နောက်ထပ် ၁ဝဝ လောက်တိုးလာတာဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို စည်တောင်ကျေးရွာမှာရှိတဲ့ အစိုးရအလယ်တန်းကျောင်းခွဲမှာ ယာယီနေရာ ချထားပေးပါတယ်။