ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ရခိုင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီဝင် မတင်မြတ်ထက်က အခုလို ပြောပါတယ်။
"အဓိကကတော့ Rakine Youth Forum ကို ကျင်းပတာကတော့ ကျမတို့ ဒီဇင်ဘာလမှာလုပ်မယ့် Myanmar Youth Forum မှာ ရခိုင်လူငယ်တွေရဲ့ အသံတွေကိုဖော်ထုတ်နိုင်ဖို့ရယ် Myanmar Youth Forum ကနေ မြန်မာ့လွှတ်တော်ကိုတင်မယ်၊ နောက်တစ်ခုက ရခိုင်လူငယ်ကွန်ရက် ပေါ်ပေါက်လာဖို့ရယ်၊ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ လက်ရှိရခိုင်လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအပေါ်မှာ ရခိုင်လူငယ်တွေရဲ့ သဘောထား ထင်မြင်ချက်တွေကို ထုတ်ပြန်သွားဖို့ရယ်၊ ရခိုင်ဒေသတိုးတက်ရေးအတွက် လုပ်ဆောင်သွားဖို့ရယ်ဖြစ်ပါတယ်"
ဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသားလူငယ် အဖွဲ့အစည်းပေါင်း ၄၇ ဖွဲ့က ကိုယ်စားလှယ် ၁၅၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ တက်ရောက်လာသူတွေအနေနဲ့ ပညာရေး၊ မူးယစ်ဆေးဝါး၊ သတင်းနဲ့မီဒီယာ၊ ရခိုင်လူငယ်တွေနဲ့ နိုင်ငံရေး အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ ပါဝင်ဆွေးနွေးကြတယ်လို့ သိရပါတယ်။
