ရခိုင်နဲ့ရိုဟင်ဂျာ တောင်းဆိုချက်ကြောင့် ရခိုင်မှာ လုံခြုံရေးတိုးမြှင့်

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရအနေနဲ့ စစ်တပ်တွေတိုးမြှင့် နေရာချ ထားရတာဟာ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဘက်စလုံးရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အစိုးရအနေနဲ့ ပဋိပက္ခမီးတွေကို အရင်ငြိမ်းသတ်ပြီးမှသာ ပဋိပက္ခမှာ ပါဝင်ပတ်သက် ဖန်တီးသူတွေကို ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ ဆက်လက်အရေးယူ ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်မြို့ ရွှေလီလမ်းက ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ဒီမိုကရေစီမိတ်ဆွေပါတီနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့တာပါ။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာမှုကို လာမယ့် ဒီဇင်ဘာလမကုန်ခင် ပြုလုပ်သွားမှာဖြစ်ပြီး KIA ကချင်လွတ်မြောက်ရေးတပ်မတော်အပါအဝင် အပစ်အခတ်ရပ်စဲရေး မပြုလုပ်ရသေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပါ ပါဝင်ဆွေးနွေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဆက်ပြောသွားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်ကူညီနိုင်အောင် အဓိကရည်ရွယ်ကျင်းပတဲ့ ဒီကနေ့ဆွေးနွေးပွဲမှာ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီတွေ တက်ရောက်ခဲ့ကြပြီး ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စုကိစ္စ၊ ရခိုင်အရေးကိစ္စနဲ့ နိုင်ငံသားဖြစ်ခွင့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။