ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ နိုင်ငံတကာ အတွက် ဝမ်းနည်းဖွယ်ဖြစ်

ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာရခိုင်တွေ နဲ့ မူဆလင်တွေအကြား အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုပါလို့ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံက NDTV သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ အိန္ဒိယနိုင်ငံမှာ ထုတ်လွှင့်တဲ့ NDTV သတင်းထောက်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုပါလားလို့ မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ပါ။ ကျွန်မ အနေနဲ့အမြဲတမ်းပြောနေတာက အစိုးရ အနေနဲ့ နိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒရှိဖို့ လိုအပ်ပါတယ်။ကျွန်မတို့နိုင်ငံမှာ နိုင်ငံသားဆိုင်ရာ ဥပဒေရှိပါတယ်။ ဒါကြောင့် ဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်းကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမှာဖြစ်တယ်ဆိုတာ ကျွန်မတို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က NDTV ဖြေတဲ့အခါမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာတင် တာဝန်ရှိတာမဟုတ်ပဲ ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာလည်း တာဝန်ရှိကြောင်း ၊တကယ်လို့ နှစ်နိုင်ငံ နယ်စပ်မှာ ဘင်္ဂလားဒေ့ရ်ှဖက်က ခိုးဝင်နေတာတွေ ရှိနေရင်လည်း တားဆီးနိုင်ဖို့ လိုအပ်ကြောင်း၊ အဲဒီလို မတားဆီးနိုင်ဘူးဆိုရင် ရခိုင်ပြည်နယ် အရေးကိစ္စဟာ ပြီးဆုံးဖို့ ခက်ခဲပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်းသိရပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေမှာ နှစ်ဖက်စလုံးက ကျူးလွန်တာဖြစ်ပြီး ၊ မိမိအနေနဲ့ ဘက်တဘက်တည်းကို ရပ်တည်ပြီး မပြောဆိုနိုင်ကြောင်း၊ နှစ်ဖက် ပြန်လည်သင့်မြတ်ရေးကိစ္စကိုသာ မိမိအနေနဲ့ ကြိုးပမ်းလိုကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်လို့သိရပါတယ်။