မရမာကြီး တိုင်းရင်းသား အသင်းဝင်တွေက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ မနေ့ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုနဲ့အတူ အလှူငွေပေးအပ်ပွဲကို ကျင်းပခဲ့ပါတယ်။
အဲဒီပွဲဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေပြီး ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရရှိနေတဲ့ ရခိုင်လူမျိုးတွေကို ကူညီပေးနေတဲ့ ရခိုင်အမျိုးသားကွန်ရက်ကို မရမာကြီးတိုင်းရင်းသားအသင်းက အလှူငွေပေးအပ်တဲ့ပွဲ ဖြစ်ပါတယ်။
မရမာကြီးတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ် မင်းပြားမြို့နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့မှာ အဓိကနေထိုင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လူဦးရေ ၂သောင်းကျော် နေထိုင်တယ်လို့ သိရပါတယ်။
ရခိုင်အမျိုးသားကွန်ရက်နဲ့ မရမာကြီးတိုင်းရင်းသားအသင်းတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၊ ရခိုင်အရေးလှုပ်ရှားသူတွေ၊ ရခိုင်အမျိုးသားကွန်ရက်နဲ့ မရမာကြီးအသင်းက တာဝန်ရှိသူတွေ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။