ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်၊ ဒုချီးရာတန်ရွာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် မွတ်စလင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အသတ်ခံခဲ့ရတယ်လို့ ကြားသိရကြောင်း Arakan Project အဖွဲ့က Chris Lewa က ပြောဆိုကြောင်း AP သတင်းကဖေါ်ပြပါတယ်။
သေဆုံးသူတွေဟာ သေနတ်ဒဏ်ရာ၊ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် မဟုတ်ဘဲ ဓါးဒဏ်ရာတွေ နဲ့ သေဆုံးခဲ့ရတာဖြစ်လို့ ရဲနဲ့စစ်တပ်ကြောင့်ထက် ရခိုင်ဒေသခံတွေရဲ့ တိုက်ခိုက်ခံရလို့ သေဆုံးကြ ရတာ ဖြစ်နိုင်ကြောင်း၊ သေဆုံးသူအရေအတွက် အတိအကျမသိရသေးကြောင်း Arakan Project အဖွဲ့က ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေ ညာချက်မှာ ဖေါ်ပြထားပါတယ်။
အခင်းဖြစ်ပွားရာဒေသမှာ ပြီးခဲ့တဲ့လက ၉၆၉ လို့သိကြတဲ့ သံဃာတွေက ရိုဟင်ဂျာ မွတ်စလင်အားလုံးကို နှင်ထုတ် ပစ်ဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံဟောကြားခဲ့ရာက နှစ်ဖက်တင်းမာမှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့ Arakan Project အဖွဲ့ က Chris Lewa က ပြောဆိုပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင် လွှတ်တော်အမတ် ဦးရွှေမောင်းက အခုလို ပြောပါတယ်။
"သက်ဆိုင်ရာ ကာယကံရှင်တွေကတော့ သူတို့ရဲ့နီးစပ်ရာ ဆွေမျိုးတွေရဲ့ ပြောပြချက်အရပဲ သိရတယ်၊ သူတို့ကိုယ်တိုင်ကလည်း အလောင်းကို မမြင်တွေ့နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရွာထဲကိုသွားလို့မရလို့၊ ဒီလိုအခြေအနေမှာ ဒါကိုထင်သာမြင်သာရှိအောင် လုပ်ပေးမှသာ ပကတိအခြေအနေမှန်ကိုသိမယ်၊ အားလုံးကိုလုံခြုံမှုပေး၊ အားလုံးကိုအာမခံပေး၊ အဲဒီမှာအမှန်တကယ် ပြစ်မှုကျူးလွန်တဲ့လူကို ပြစ်ဒဏ်ပေးရမယ်"
ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကတော့ အခင်းဖြစ်ပွားရာ ဒုချီးရာတန်ရွာမှာ တပ်ကြပ်ကြီးတစ်ယောက် ပျောက်ဆုံးနေတာကြောင့်၊ ရဲတပ်ဖွဲ့က ရွာကိုဝိုင်းပြီး ရှာဖွေခဲ့ကြကြောင်း၊ ဒါပေမဲ့ သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းတွေတော့ မကြားသိရကြောင်း ပြောဆိုပါတယ်။