သွားလာရေးအခက်အခဲ ဖြေရှင်းပေးဖို့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများ အရေးဆို

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားတွေက သူတို့ သွားလာရေး အခက်အခဲ ကြုံနေရတာ ဖြေရှင်းပေးဖို့ ကျောင်းသား အယောက် ၂၀၀ ကျော် လက်မှတ်ထိုးပြီး ပါမောက္ခချုပ်ကို သွားရောက် အရေးဆိုကြတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပါမောက္ခချုပ်အနေနဲ့ မဖြေရှင်းပေးနိုင်ရင် သူ့ထက်တာဝန်ရှိသူတွေဆီ ဆက်လက် အရေးဆိုသွားမယ်လို့ သင်္ချာ တတိယနှစ် ကျောင်းသား ကိုဖြိုးမောင်မောင်က RFA ကိုပြောပါတယ်။

"အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေအနေနဲ့ သွားရေးလာရေး အခက်အခဲရှိတဲ့ ကိစ္စတွေကို ကျောင်းသား အယောက် ၂၂၀ လောက် လက်မှတ်နဲ့ နာမည်နဲ့ ထိုးပြီးတော့ ပါချုပ်ကို ကျောင်းသားကျောင်းသူ ၇ ယောက်နဲ့ သွားပြီး စာသွားတင်ပါတယ်။ ကားကိုလည်း အစီးရေ ထပ်တိုးပေးဖို့၊ ပြီးတော့ ကားသမားတွေက စကားပြောတဲ့ အခါမှာလည်း ကျောင်းသားတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမှုတွေက အများကြီးရှိတယ်။ ပါချုပ်က ဘာပြောလိုက်သလဲ ဆိုတော့ ဒီကိစ္စ သူတို့လည်း ကြုံတွေ့နေရတာပဲတဲ့။ ကျွန်တော်တို့ကို ဋ္ဌာနမှူးတွေဆီ သွားခိုင်းတယ်။ သူက ဋ္ဌာနမှူးတွေဆီကတဆင့် သူ့ှဆီလာပါလို့ ပြောတယ်။ သူကနေပြီးတော့ ကျွန်တော်တို့ကို မလုပ်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ ထပ်ပြီးတော့ တိုင်ဦးမှာပါ"

အရှေ့ပိုင်း တက္ကသိုလ်ဟာ ရန်ကုန်မြို့လယ်ခေါင်က မြို့နယ်တွေမှာ နေထိုင်တဲ့ ကျောင်းသား ကျောင်းသူတွေ သွားတက်ရတဲ့နေရာ ဖြစ်ပါတယ်။ ဒီလိုသွားရတဲ့အခါမှာ ဘတ်စ်ကားတွေက သတ်မှတ်ထားတဲ့ ဂိတ်စ၊ ဂိတ်ဆုံး မသွားပေးတာ၊ ကားစီးရေနည်းလို့ အချိန်ကြာကြာ စောင့်ရပြီး ကျောင်းသားနဲ့ ကားစီးရေ မမျှတာ၊ ကားစပယ်ယာတွေ ဆက်ဆံရေး ညံ့ဖျင်းတဲ့အတွက် မကြာခဏ ပြဿနာ တက်နေတာတွေ ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။