စံချိန်တင်မူးယစ်ဆေးပြားတွေ ဖမ်းမိ
2016.09.03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေအနီးက ကုန်တန်းကျေးရွာမှာ ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၄ သောင်းကျော်တန်ဖိုးရှိတဲ့ WY မူးယစ်ဆေးပြား အရေအတွက် ၂၂ သိန်းကျော်ကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
အဲ့ဒီမူးယစ်ဆေးပြားတွေဟာ ပင်လယ်ထဲကနေ မျောပါလာတာဖြစ်ပြီး ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာလို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောပါတယ်။
"အရေအတွက်ကတော့ ကျနော်တို့ ဆာလာအိတ်နဲ့ ၉ ထုတ်ပေါ့၊ WY စာတမ်းပါ စိတ်ကြွဆေးပြား ၂၂ သိန်း ၆ သောင်း၊ ကာလတန်ဖိုးကတော့ ကျပ်သန်းပေါင်း ၄၅ဝဝ ကျော်တာပေါ့၊ အငူမော်ကုန်တန်းက ရွာသားပေါ့ ကိုထွန်းဝင်းချေက ငါးရှာရင်းနဲ့ပေါ့ ပင်လယ်ကမ်းစပ်မှာ ပင်လယ်ကမျောလာတဲ့ သောင်တင်တဲ့ အထုတ်တွေတွေ့ပြီး လိုက်ဆယ်ထားတာ၊ အုပ်ချုပ်ရေးမှူးကို သတင်းပို့ပြီးမှတဆင့် စခန်းမှူးနဲ့ကြည့်တော့မှ အထုတ်လေး တစ်ထုတ်မှာကြည့်တဲ့အချိန်မှာ WY စာတမ်းပါတဲ့ဆေးထုတ်ဆိုတာ သိရတာ၊ ပင်လယ်ကမျော လာတာပေါ့"
မနေ့က သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးအရေအတွက်ဟာ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးရမိသမျှထဲမှာ အရေအတွက် အများဆုံး ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်း မောင်တောမြို့နယ်မှာ WY မူးယစ်ဆေးဝါးတွေကို နေ့စဉ်ဆိုသလို ဖမ်းဆီးရမိနေတာဖြစ်ပြီး မနေ့ကလည်း မောင်တောမြို့ပေါ်မှာ ကာလတန်ဖိုး ငွေကျပ် သိန်း ၉ဝဝ ကျော် တန်ဖိုးရှိတဲ့ YW မူးယစ်ဆေးပြားပေါင်း ၄ သောင်း ၅ ထောင်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။