UNFC နဲ့ RCSS ဥက္ကဌ တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့ တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက် ပြီး ဒီကနေ့ မနက် ၁၀ နာရီခွဲမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ဗိုလ်ချူပ် ဘီထူး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့တို့ ၃ နာရီကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးမှာ RCSS ခေါင်းဆောင် ဒုဗိုလ်ချူပ်ကြီး ကသူတို့ RCSSနဲ့ TNLA အဖွဲ့တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာသွားမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် က ရှမ်းဘာသာနဲ့ ပြောဆိုထားတာကို ဗိုလ်မှူး စိုင်းမိဏ်း က မြန်မာဘာသာ နဲ့ ပြန်လည်ပြောပြတာကတော့

"ကျနော်တို့တော့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့ပါ ယခုအချိန်မှာဆိုရင် ကျနော်တို့ ရန်သူတွေလည်း မဟုတ်ကြပါဘူး၊ ကျနော် တို့ ပြန်ပြီးတော့ တွေ့ဆုံဆွေးနွေးပြီးတော့ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်၊ အရင်သမိုင်းထဲမှာလည်း ကျနော်တို့ ဒီကြားမှာ ရန်သူတွေလည်း လုံးဝမရှိခဲ့ကြပါဘူး ကျနော်တို့ အခုနယ်မြေထဲမှာ အခြေအနေ အရကော ကျနော်တို့ သူတို့ရှိတဲ့ နေရာလည်း သိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ သွားတိုက်တာ လုံးဝမရှိသေးပါဘူး သူတို့ပဲ လာတိုက်နေတာ ရှိပါတယ်။ ဘာကြောင့် ကျနော်တို့ကို တိုက်ရလည်းဆိုတာကို ဒီနေ့ထိတောင်မှ ကျနော်တို့မေးခွန်းတွေ ဖြစ်နေပါသေးတယ် ကျနော်တို့ အဲ့နယ်မြေထဲမှာလည်း နေခဲ့ပါတယ် အမြဲတမ်း ကျနော်တို့ အဆက်အသွယ်တွေလည်း ရှိခဲ့ပါတယ်၊ ဘာကြောင့် ကျနော်တို့ကို တိုက်တယ်ဆိုတာ အခုအချိန် ထိတော့ နားမလည်သေးဘူးပေါ့၊ အခုအခြေအနေမှာ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ သိလိုတာတော့ နှစ်ချက်ပါပဲ အဓိကကတော့ (၁) ဘာကြောင့်မိုလို့ ကျနော်တို့ အဖွဲ့အစည်းတွေကို တိုက်ရသလဲ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းတွေ များရှိမလဲ၊ နောက်ပြီးတော့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထားတဲ့ကိစ္စ အဲ့ဒါကို ပြန်လွှတ်ပေးဖို့၊ ဘာကြောင့်ဖမ်းရလဲ ဒီအချက်နှစ်ချက်ပါပဲ"

ဒီဆွေးနွေးပွဲကနေ UNFC အဖွဲ့နဲ့ RCSS အဖွဲ့ကြား ယုံကြည်မှုတွေနဲ့ နားလည်မှုတွေ ရရှိခဲ့တယ်လို့ UNFC တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။

"အထူးသဖြင့် ဒီ RCSS က အခုက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် NCA ကို လက်မှတ် ထိုးထားပြီးဖြစ်တယ် ကျနော်တို့ UNFC မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကြတော့ လက်မှတ် မထိုးသေးဘူး။ ဒါပေမယ့် ဒီ NCA ကြောင့် ကျနော်တို့ကြားမှာ အဟန့်အတားတွေ မဖြစ်စေရဘူး NCA သည် ကျနော် တို့ကြားကစည်း မဟုတ်ဘူး ကျနော်တို့ကြားက တံတိုင်းမဟုတ်ဘူး ကျနော်တို့ဟာ ယခင်အတိုင်းပဲရှိတယ် ယခင်အတိုင်းပဲ ကျနော်တို့ က ညှိနှိုင်းအဖြေရှာ ပြီးတော့မှ ပူးပေါင်းဆောင်ရွက်တဲ့ နည်းနာနဲ့ ကျနော်တို့အတူတကွ သွားရမှာဖြစ်တယ်၊ UNFC ဘက်က ရပ်တည်ချက်ကတော့ ကျနော်တို့ NCA ကို လက်မှတ် မထိုးထား နိုင်သေးသော်ငြားလည်းပေါ့နော် လက်မှတ် မထိုးရသေးသော်ငြားလည်းပဲ ကျနော်တို့က NCA ကို ကျော်ဖြတ်ရမည့် အဆင့်တစ်ခု အနေနဲ့ ကျနော်တို့ ကတော့ မြင်တယ်၊ NCA အဆင့်ကို ကျော်ဖြတ်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ဟာ နိုင်ငံရေးဖြစ်စဉ်မှာ အတူတကွ သွားရမည့် ကျနော်တို့ လုပ်ဖော်ကိုင် ဖက်တွေ ဖြစ်ကြပါတယ်"

ဒီကနေ့ ဆွေးနွေးပွဲကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ကြားဝင်ဆွေးနွေးပေး ဖို့ တာဝန်ပေးအပ်ထားတဲ့ ဗိုလ်ချူပ် ဘီထူး၊ ဦးထွန်းဇော်နဲ့ နိုင်ရွန်တိန်း တို့ပါဝင်ပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS အဖွဲ့ကတော့ ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် အပါအဝင် ဗိုလ်မှူးကြီး စိုင်းငင်းနဲ့ ဗိုလ်ကြီး စိုင်းဝမ်း တို့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။