မနက်ဖြန် မနက် ၉ နာရီမှာ ဆွေးနွေးပွဲပြုလုပ်မှာဖြစ်ပြီး RCSS အဖွဲ့ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ အဖွဲ့ဝင် ၂၂ ဦးအပြင် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်လည်း လိုက်ပါသွားတယ်လို့ သိရပါတယ်။
ဒုဗိုလ်ချုပ်ကြီး ယွက်စစ် လိုက်ပါသွားရတာဟာ လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ ဖိတ်ကြားချက်အရ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက အခုလိုပြောပါတယ်။
"ဝန်ကြီး ဦးခင်မောင်စိုးနဲ့အတူ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်မြတ်တို့ မေတ္တာရပ်ခံပြီးတော့ ဖိတ်ကြားထားလို့ သွားရောက်ခြင်းပဲ ဖြစ်ပါတယ်။ ပြည်တောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲမှာဆိုရင် ဦးခင်မောင်စိုး ပြောပြချက်အရ သူ့ထက်ကြီးတဲ့ အဆင့်တွေ တက်မယ်ဆိုပြီးတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တက်ဖြစ်အောင် ကြိုးစားပြီးတော့ တက်စေချင်တဲ့အကြောင်း မေတ္တာရပ်ခံလာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်"
ပထမအကြိမ် ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဇန်နဝါရီလလယ်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ချိန်က ဟိုမိန်းမြို့နယ်နဲ့ မိန်းထားမြို့နယ်တို့ကို SSA ဗဟိုဌာနချုပ် နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့ပြီး အခြေစိုက် နေထိုင်ဖို့အတွက် သက်ဆိုင်ရာ နှစ်ဘက်အောက်ခြေတပ်တွေ ညှိနှိုင်းဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပေမယ့် မပြေလည်သေးဘဲ အစိုးရတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။
အခုတစ်ကြိမ်မှာ နှစ်ဘက်အသေးစိတ် ညှိနှိုင်းဖြေရှင်းနိုင်ဖို့ RCSS ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို အောက်ခြေတပ်မှူးတွေပါဝင်တဲ့ ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေး ကိစ္စတွေကိုပါ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က ဆွေးနွေးမယ်လို့ ပြောဆိုသွားကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက အခုလို ပြောပါတယ်။
"မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေကို အစိုးရနဲ့အတူ ပူးပေါင်းပြီးတော့ ဖော်ဆောင်သွားနိုင်ဖို့ကို ဦးစားပေးပြီးတော့ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ နံပါတ် ၂ ကတော့ သဘောတူညီချက်အတိုင်း လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ နှောင့်နှေးကြန့်ကြာနေတဲ့ ကိစ္စရပ်တွေ၊ ပြဿနာတွေကို အခုတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်"
ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ပအခြေစိုက် မြန်မာသတင်း မီဒီယာအဖွဲ့တွေအပြင် ထိုင်းနဲ့ နိုင်ငံခြား သတင်းထောက် ၃၈ ဦး လိုက်သွားကြောင်း သိရပါတယ်။
