လူထုအကျိုးပြု အစိုးရသစ်ဖြစ်လိမ့်မယ်လို့ RCSS ခေါင်းဆောင်မျှော်လင့်

0:00 / 0:00

မကြာခင် အစိုးရဖွဲ့စည်းတော့မှာဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတာကြောင့် လူထုအတွက်ကောင်းကျိုးပြုမယ့် အစိုးရသစ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ ဥက္ကဌ ဒုတိယဗိုလ်ချူပ်ကြီး ယွက်ဆစ်က ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဗိုလ်ချူပ်ကြီး ယွက်ဆစ်က NLD ပါတီအပေါ် သဘောထားကို ပြောပါတယ်။

"NLD ပါတီဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး တက်လာတဲ့ အစိုးရဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့် လူထုအတွက် ကောင်းကျိုးပြုမယ့် အစိုးရသစ် ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသွားတာပါ။

ဒါ့အပြင် NLD ပါတီက ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့မှာ ပါဝင်ဖို့မရှိဘဲ နှစ်ပေါင်း ၅၀ကျော်ကြာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ ကိုပဲ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ပါဝင်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့မှာ ၃ ရက်ကြာကျင်းပဖို့ ရည်ရွယ်ထားပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်မပြုတဲ့အတွက် ပြီးဆုံးတဲ့အထိ မကျင်းပနိုင်ခဲ့ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီမှာ ပါဝင်တဲ့ SPPP ရှမ်းပြည်တိုးတက်ရေးပါတီ ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။

မနေ့က ပြုလုပ်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံး အတူယှဉ်တွဲနေထိုင်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။