အစိုးရနဲ့အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော် RCSS/SSA အနေနဲ့တိုင်းပြည်ဖံ့ွဖြိုးတိုးတက်ရေးအတွက် အစိုးရအသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြောပါတယ်။
ဒီနေ့ လားရှိုးမြို့ မန်ဆူကျောင်းတိုက်မှာ RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ရှမ်းပြည်မြောက် ပိုင်းက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး သတင်းထောက်တွေက အစိုးရသစ်အပေါ် သဘောထားကို မေးမြန်းရာမှာ ရှမ်းလိုပြန်လည် ဖြေကြားတာကို ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်းက စကားပြန်ပေးခဲ့တာဖြစ်ပါတယ်။
"အခု လက်ရှိတက်လာမယ့် အစိုးရသစ်ရဲ့ သူတို့ရဲ့ပေါ်လစီကို ကျနော်တို့ ထောက်ခံသွားမှာဖြစ်ပါတယ်၊ တကယ်လို့ သူတို့ရဲ့ရည်မှန်း ချက် ပေါ်လစီကို သိပြီဆိုရင် ကျနော်တို့ ဘယ်လို လက်တွဲပူးပေါင်းဆောင်ရွက်သွားမလဲဆိုတာကို ကျနော်တို့ ဆွေးနွေးကြရမှာဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့ကတော့ အစိုးရက ဘယ်အခန်းကဏ္ဍမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်စေချင်တယ်ဆိုရင် ကျနော်တို့က အဆင်သင့်ပါပဲလို့ ပြော ချင်ပါတယ်"
ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဒေသခံတွေနဲ့တွေ့ဆုံရာမှာ ရှမ်းတိုင်းရင်းသာတွေ အနေနဲ့စည်းလုံး ညီညွှတ်ကြဖို့ ပြောခဲ့ပါတယ်။
ဒီကနေ့တွေ့ဆုံပွဲ ကို RCSS ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ဗိုလ်မှူးကြီးအောင်သိန်း၊ ဗိုလ်မှူးကြီးယွက်မိန်း၊ ဗိုလ်မှူးကြီး စိုင်းမိန်း၊ တောင်ကြီးရုံး ဆက်ဆံရေးရုံးက ဗိုလ်မှူးကြီး စိုင်းအွမ်ခေး၊ ဗိုလ်မှူးကြီး စိုင်းဦးတို့ တက်ရောက်ခဲ့ပြီး မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါ စတဲ့မြို့တွေက ဒေသခံ ၃ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။