အပစ်ရပ် RCSS/SSA တပ်စခန်း အစိုးရတပ်တိုက်ခိုက်

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်း တပ်မတော်ရဲ့ တပ်စခန်းတွေကို အစိုးရ တပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ၄ ကြိမ် ဆက်တိုက် ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ SSA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

2012.09.10
ssa-hq-b305 ထိုင်း-မြန်မာနယ်စပ်အနီး SSA နှင့် UWSA တပ်များ စခန်းချလှုပ်ရှားရာ နေရာတဝိုက်တွင် စောင့်ကြပ်နေသော SSA တပ်သားတစ်ဦးကို တွေ့ရပုံ။
RFA

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကတော့ SSA ရှမ်းပြည်တောင်ပိုင်းတပ်တွေ နေရာယူ တပ်စွဲထားတဲ့ ရှမ်းပြည်အရှေ့ပိုင်းက မိုင်းပြင်းမြို့နယ်မှာ နှစ်ကြိမ်၊ မိုင်းတောင်မြို့နယ်မှာ တစ်ကြိမ်နဲ့ မိုင်းထားမြို့နယ်အတွင်းမှာ တစ်ကြိမ် ဝင်ရောက် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

"အခုလ ၅ ရက်နေ့မှာ မိုင်းပြင်းဒေသမှာ ကျွန်တော်တို့တပ်ကို အစိုးရတပ် ခလရ ၃၆၀ စစ်ကြောင်း ၁ က ဝင်တိုက်ပါတယ်။ တစ်ရက်မှာ နှစ်ပွဲဖြစ်ပါတယ်။ ၇ ရက်နေ့မှာ လုံတောမြို့နယ်ခွဲ မိုင်းတောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တောနက်ထဲမှာ ကျွန်တော်တို့ လှုပ်ရှားတပ်တွေကို တုန်ဝိုးကျေးရွာမှာ အခြေစိုက်နေတဲ့ စစ်ဗျူဟာတစ်ခုရဲ့ လက်အောက်ခံ တပ်ရင်းတွေက ကျွန်တော်တို့ တပ်ဖွဲ့တွေကို ဝင်တိုက်ပါတယ်။ ၈ ရက်နေ့မှာကြတော့ မိုင်းထားမြို့နယ်ခွဲမှာ ကျွန်တော်တို့ လှုပ်ရှားနေတဲ့ လွိုင်လေ့တန်းလျှန်းဆိုတဲ့ တောင်ကြော တစ်ဝိုက်မှာ ကျွန်တော်တို့ကို ဝင်တိုက်ပါတယ်"

နှစ်ဖက်တိုက်ပွဲကြောင့် SSA ရှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာ မရရှိကြောင်း သိထားရပြီး အစိုးရတပ်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောပါတယ်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ကျိုင်းတုံမြို့နယ် ရွှေတြိဂံတိုင်း စစ်ဌာနချုပ်မှာ ပြည်တောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး အပါအဝင် အချက် ၁၂ ချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကြီး စိုးဝင်း က SSA ရှမ်းပြည်တောင်ပိုင်း နယ်မြေအတွင်း သေနတ်တစ်ချက်မှ မပေါက်စေရဘူးလို့ ကတိပေး ပြောဆိုခဲ့သလို နှစ်ဖက် သဘောတူညီချက်ထဲမှာလည်း တစ်ဖက်နဲ့ တစ်ဖက် အသိပေး အကြောင်းကြား သွားမယ်ဆိုပြီး လက်မှတ်ထိုးခဲ့ပေမယ့် အစိုးရတပ်က လိုက်နာ ဆောင်ရွက်ခြင်းမရှိ ဖြစ်နေတယ်လို့ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆက်ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။