RCSS/SSA ဗဟိုကော်မတီ နှစ်ပတ်လည် စည်းဝေးပွဲ ပြီးစီး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးကနေ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ သဘောထားရပ်တည်ချက် ၁၀ ချက်ကို အတည်ပြုခဲ့ကြပြီး နိုင်ငံရေးပြသနာတွေကို ငြိမ်းချမ်းရေးလမ်းစဉ်တွေအပေါ် ရပ်တည်ဆွေးနွေးတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းသွားကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဗဟိုဌာနချူပ်ရှိရာ လွယ်တိုင်းလျန်မှာ ဇန်နဝါရီ ၁၃ ရက်နေ့က ပြီးဆုံးသွားတဲ့ ၅ ရက်ကြာကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးကနေ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆိုင်မိန်း က ပြောပါတယ်။

“တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောထားရပ်တည်ချက်ထဲမှာက ဖြစ်ခဲ့တဲ့သမိုင်းကြောင်းနဲ့ နိဒါန်းစထားပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး မူဘောင်တွေပေါ့နော်၊ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုတာ ဘယ်လိုအဓိပ္ဗါယ် ဖွင့်ဆိုပါတယ်၊ ကျနော်တို့ ဆက်ဆံရေးရုံးတွေ ဖွင့်ပြီးတော့ ဘယ်လိုညှိနှိုင်းဖို့၊ နှစ်ဘက်တပ်တွေ လိုက်နာဖို့အတွက် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များ၊ ပြီးတော့ အပစ်အခတ်ရပ်စဲရေးကို ပူးတွဲစောင့်ကြည့်ဖို့ ကော်မတီတွေဖွဲ့စည်းဖို့၊ ပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့ မူဘောင်တွေကို ဆွေးနွေးမယ့် အချိန်ဇယားတွေကို တိကျစွာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ လက်မှတ်ရေးထိုးထားဖို့။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးတို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးတို့ကို အဟန့်အတားဖြစ်စေနိုင်တဲ့ ဥပဒေတွေပေါ့။ ၁၇ (၁) စတဲ့ဟာမျိုး။ ဒီကိစ္စတွေကို ရုတ်သိမ်းပေးဖို့ သဘောတူညီချက်ထဲမှာ ထည့်သွင်းလက်မှတ်ရေးထိုးဖို့ဆိုတဲ့ ရပ်တည်ချက်တွေ ပါဝင်ပါတယ်”

ဒီအစည်းအဝေးကနေ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဥပဒေပညာရှင်တွေနဲ့ ရေးဆွဲထားတဲ့ ရှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ပြည်တွင်းပြည်ပမှာရှိတဲ့ ရှမ်းပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေထံ ရှင်းလင်းပွဲကျင်းပသွားဖို့နဲ့ ၆၇ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ပွဲတော် ကို SSA ဗဟိုဌာနချူပ်ရှိတဲ့ လွယ်တိုင်းလျန်မှာကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ လေးနှစ်တစ်ကြိမ် ဥက္ကဌ ရွေးကောက်တင်မြှောက်တဲ့မူနဲ့ ပတ်သက်လို့လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အဖွဲ့ဝင်အားလုံးနဲ့ လူထုကိုယ်စားလှယ်တွေပါဝင်တဲ့ လေးနှစ်တစ်ကြိမ် ကွန်ဂရက်အစည်းအဝေး ကျင်းပသွားဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပြီး ဌာနဆိုင်ရာ၊ တပ်ပိုင်းဆိုင်ရာအလိုက် တာဝန်ယူထားကြသူတွေထဲက အဖွဲ့ဝင် ၄၀၀ ကျော်ကိုလည်း ရာထူးတိုးမြင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ နှစ်ပတ်လည်အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ ဗဟိုဌာနချူပ် ဦးစီးကော်မတီဝင်တွေ၊ ဗဟိုဌာနချူပ် ကော်မတီဝင်တွေ၊ ဌာနညွန်ကြားရေးမှူးတွေနဲ့ တပ်မှူးတွေအပါအဝင် စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။