ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင် မင်္ဂလာ ဒို့ရိုးရာခန်းမမှာ ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင် စနစ်ဆိုတာ စစ်တပ်အုပ်ချုပ်ရေးမှာ ပါဝင်တာသာ ဖြစ်ကြောင်း၊ နိုင်ငံရေး သဘောအရ အုပ်ချုပ်ရေးဆိုတာဟာ ဒီမိုကရေစီနည်းအရ ပြည်သူတွေ ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူတွေက အုပ်ချုပ်ရမှာဖြစ်ကြောင်း၊ NLD အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲဝင်ခြင်းဟာ ခြေလှမ်းတစ်လှမ်း၊ အဆင့် တစ်ဆင့်သာ ဖြစ်ကြောင်း၊ အဲဒီကတစ်ဆင့် လုပ်ဆောင်စရာတွေ များစွာရှိနေသေးကြောင်း၊ ဒါကြောင့် အားဖြည့်ထားရမှာဖြစ်ကြောင်း ပြောသွားပါတယ်။
အခမ်းအနား တက်ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ သမိုင်းအမှန်တွေအတွက် တရားမျှတမှုတွေအတွက် လွတ်လပ်မှု ပေးသင့်ပါပြီ၊ နိုင်ငံသား အခွင့်အရေးတွေ ပေးသင့်ပါပြီလို့ ပြောကြားပါတယ်။
ဒီကနေ့ အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတွေက ဦးဆောင်ကျင်းပတာဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို စတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် ပရိသတ် ရာနဲ့ချီ တက်ရောက်ခဲ့ကြ ပါတယ်။
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က တံတားဖြူမှတ်တိုင် အနီး ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကို မဆလ အစိုးရရဲ့ လုံထိန်းရဲတွေက ရိုက်နှက် ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသားတွေ သွေးမြေကျခဲ့ ရတဲ့အတွက် ဒီနေ့ကိုကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ တံတားနီနေ့ရယ်လို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
တံတားနီအရေးအခင်း ၂၄ နှစ်ပြည့် အမှတ်တရအဖြစ် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ လက်ရှိတာဝန်ယူနေတဲ့ မျိုးဆက်သစ်ကျောင်းသားတွေ စုဝေးပြီး အခင်းဖြစ်ခဲ့ရာ အင်းလျားကန်ဘောင်မှာ လွမ်းသူ့ပန်းခြင်း ချခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
တံတားနီအရေးအခင်းနဲ့ ပတ်သက်လို့ ပါဝင်ခဲ့သူ မျက်မြင်ကျောင်းသားတွေရဲ့ ပြောဆိုချက်ကို နားဆင်နိုင်ပါတယ်။
