ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်များ ဆေးနီပက်ခံရ

သာယာဝတီမြို့နယ်တွင်းမှာ ရှိတဲ့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တွေမှာ သင်္ဘောဆေးနီတွေနဲ့ ကြံ့ဖွံ့မကျေနပ်ဖူး ဆိုတဲ့ စာသားတွေနဲ့ ဆေးနီပက်ဖျန်းတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ မနက် ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ သာယာဝတီမြို့ခံတဦးက RFA ကို ပြောပါတယ်။

“ခရိုင်ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်းဘုတ်တွေပေါ်မှာကော နောက် အုတ်နံရံ တံတိုင်းတွေပေါ်ကော နောက် ကားဘေးတွေ ကားရပ်ထားတဲ့ ကားဘေးတွေမှာကော လိုက်ပြီးတော့ စာရေးကြတာ၊ ကြံ့ဖွံ့မကျေနပ်ဘူးပေါ့၊ တချို့နေရာတွေကျတော့ မမှီတဲ့နေရာတွေကျတော့ ကြံ့ဖွံ့ဆိုင်းဘုတ် အကြီးကြီးတွေ ရှိတဲ့နေရာတွေကျတော့ အကုန်လုံး ဒီ ဆေးနီတွေနဲ့ ပက်ပစ်လိုက်တာပေါ့၊ နေရာတော်တော်များတယ် အကို၊ ခုနစ်နေရာ ရှစ်နေရာလောက် လုပ်ပစ်လိုက်တာ သူတို့။”

ဒီ ဆေးနီပက်ဖျန်းမှုတွေကို လှုပ်ရှားဆောင်ရွက်ခဲ့ကြသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရှိရပေမဲ့ သာယာဝတီမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေး ဆိုပြီး ပါတီအတွက် အတင်းအဓမ္မ စည်းရုံးပြောဆိုနေမှုတွေကို မကျေနပ်ကြတဲ့ လူငယ်တွေ ဆောင်ရွက်ခဲ့တာ ဖြစ်နိုင်ကြောင်း ဆက်ပြောပါတယ်။

“သူတို့ ဒီဖက်မှာက ကြံ့ခိုင်ဖွံ့ဖြိုးရေးက ထင်တိုင်းကျဲနေကြတာကိုး၊ ထင်တိုင်းကျဲနေတော့ လူငယ်တွေက သိပ်ပြီး မကျေနပ်တာနဲ့ လုပ်လိုက်ကြတယ်ထင်တယ်၊ ထင်တိုင်းကျဲတယ်ဆိုတာ ဒီ့ပြင်ပါတီတွေ ဆိုလို့ရှိရင် သွားလို့ရှိရင် ခွင့်ပြုချက်တွေဘာတွေ ယူရတယ် သူတို့ဆိုရင် ခွင့်ပြုချက်ယူစရာ မလိုတဲ့အပြင် ဥက္ကဋ္ဌ က လူစုပေးရတယ် ရယက ဥက္ကဋ္ဌက။ ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးက သူတို့ ပါတီတွေအပေါ်မှာ လုပ်တဲ့အပေါ်မှာ မကျေနပ်တဲ့ လူငယ်တွေက လုပ်တယ်လို့တော့ ထင်တာပဲ။”

ဒီနေ့မနက် ၇ နာရီလောက်မှာတော့ ဆေးနီတွေ ပက်ဖျန်းထားတဲ့ နေရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲဝန်ထမ်းတွေက လိုက်လံဖျက်နေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။