ဆက်သွယ်ရေး ဝန်ကြီးဟောင်းနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ဦးတိုးနိုင်မန်း တုံ့ပြန်ပြောဆို

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်း ပိုင်ဆိုင်တဲ့ RedLink အင်တာနက် ဆက်သွယ်ရေးကုမ္ပဏီဟာ ဆက်သွယ်ရေး နဲ့ သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဟောင်း ဦးသိန်းထွန်းနဲ့ စီးပွားရေးအရ ပတ်သက်မှု မရှိကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

လက်ရှိ နေပြည်တော်မှာ အကျင့်ပျက် ခြစားမှုနဲ့ အကျယ်ချုပ်ထားပြီး စစ်ဆေးခံနေရတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းနဲ့ RedLink ကုမ္မဏီတို့အကြား စီးပွားရေး အရ ပတ်သက်မှုရှိတယ်ဆိုပြီး ပြည်ပ အခြေစိုက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့စွပ်စွဲ ပြောဆိုချက်ကို ဦးတိုးနိုင်မန်းက အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

လောလောဆယ် အကျင့်ပျက် လာဘ်စားမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အရာရှိ ၅၀ ကျော်ကိုလည်း နေပြည်တော် အခြေစိုက် ရဲတပ်ရင်းတွေမှာ ခေတ္တခေါ်ယူ စစ်ဆေးနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ဆက်သွယ်ရေး ကုမ္မဏီတွေ ဖြစ်တဲ့ Huawei နဲ့ ZTE ကုမ္မဏီနဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအကြား လုပ်ကိုင်နေတဲ့ ကိစ္စရပ်တွေမှာ ပါဝင် ပတ်သက်နေတဲ့ ရန်ကုန် အခြေစိုက် ဆက်သွယ်ရေး ကုမ္မဏီအချို့က တာဝန်ရှိသူတွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

RedLink ကုမ္ပဏီ အကြီးအကဲ ဦးတိုးနိုင်မန်းကတော့ ဒီအကျင့်ပျက်လာဘ်စားမှု ကိစ္စရပ်တွေမှာ သူတို့ကုမ္မဏီအနေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။

ဦးတိုးနိုင်မန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဒီကနေ့ ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

0:00 / 0:00