ပြစ်ဒဏ် လျှော့ပေါ့ရုံနဲ့ မလုံလောက်ကြောင်း လူ့အခွင့်ရေး အဖွဲ့ ပြောကြား

မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို အစိုးရက ထောင်ဒဏ် သက်တမ်း လျှော့ပေါ့ပေးရုံ တင်မက ၊ ချွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးဖို့ လိုကြောင်း A.I ခေါ် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က မေလ(၁၇) ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

မြန်မာ အစိုးရ အာဏာပိုင်တွေက အကျဉ်းသားတွေကို ထောင်ဒဏ် (၁) နှစ်စီ လျှော့ပေးပြီး သေဒဏ် ကျခံနေရသူတွေကို ထောင်ဒဏ် တသက်တကျွန်း အဖြစ် ပြောင်းလဲ ကျခံစေမှာ ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ A.I အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက်ပါ ပြစ်ဒဏ် လျှော့ပေါ့ပေးတာကို ကြိုဆိုပေမယ့် ဒါဟာ ဘယ်လိုမှ လုံလောက်တဲ့ အတိုင်းအတာ မဟုတ်ကြောင်း၊ မြန်မာ့ နိုင်ငံရေး ပြဿနာရဲ့ လိုအပ်ချက်က နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးရေးဘဲ ဖြစ်ကြောင်း အာရှရေးရာ ကျွမ်းကျင်သူ Mr. Benjamin Zawacki က ပြောကြားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်တဲ့ သေဒဏ်ပေး တရားစီရင်ရေး စနစ်ကိုလည်း အခြား ကမ္ဘာ့နိုင်ငံတွေ နည်းတူ အပြီးတိုင် ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းကြောင်း A.I အဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်၊ မြန်မာနိုင်ငံမှာ အီလက်ထရွန်နစ် ဥပဒေလိုမျိုး မလိုလားအပ်တဲ့ တင်းကြပ်တဲ့ ဥပေဒေတွေ ပြင်ဆင်သင့်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရကို ဝေဖန်မှုတွေ အပေါ် တားမြစ်ထားတဲ့ ဥပဒေမျုးိတွေကိုပါ ပြင်ဆင်သင့်ကြောင်း၊ တရား စီရင်ရေးမှာလည်း နောက်ကွယ်က နိုင်ငံရေး အရ ထိန်းချုပ်တာမျိုး မပါဘဲ လွတ်လပ်မှု ပေးသင့်ကြောင်း A.I အဖွဲ့က ထပ်မံ တိုက်တွန်း ထားပါတယ်။