နို့ဖိုးဒုက္ခသည် စခန်း ဆန္ဒပြမှု ထိုင်းအာဏာပိုင်တွေက ခေါ်ယူ သတိပေး
2012.04.28
နို့ဖိုးဒုက္ခသည် စခန်းတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒုက္ခသည် (၂၀၀) ကျော်က အချက် (၄) ချက်ပါ တောင်းဆိုချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
စခန်း ဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ သံဃာတော် အရှင်ဦးဝေမန္တ၊ ကိုမျိုးမင်းအောင်နဲ့ ကိုတင်ကိုကိုဦးတို့ (၃) ဦးကို ဧပြီလ(၂၆) ရက်နေ့က တပ်ခ်ခရိုင် ထိုင်းစစ်တပ်က ဗိုလ်မှူးကြီး လုံချိုင်းက စခန်းအုပ်ချုပ်ရေးမှူး ရုံးခန်းမှာ မွန်းလွဲ (၁) နာရီခန့်က ခေါ်ယူ သတိပေးခဲ့တာလို့ ကိုမျိုးမင်းအောင် က အခုလို ပြောပါတယ်။
“ကျနော်တို့ကို လာမေးမြန်းတယ်။ ကျနော်တို့က ဒီဆန္ဒပြတဲ့အချက်အလက်တွေ ပြောပြတယ်။ သူက အခုနယ်စပ်တောက်လျှောက်မှာ စခန်းတွေထဲမှာ အခုလိုဆူဆူပူပူ ဖြစ်လာတာကို သူ့အနေနဲ့ မလိုချင်ဘူး။ ဆူဆူပူပူဖြစ်ရင် ဝင်ရောက် ထိန်းသိမ်းရမယ် ဆိုပြီးတော့ ပြောတာ ကျနော်တို့က ဆန္ဒပြတယ်ဆိုတာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြတာ။ တကယ်လို့ ဆူဆူပူပူ ဖြစ်လာပြီဆိုရင် သူတို့အပြင်ဘက်ကနေပြီးတော့ ဝင်ရောက်ထိန်းသိမ်းရရင် တယောက်နဲ့တယောက် ဂုဏ်သိက္ခာတွေ ထိခိုက်လာမယ်ဆိုပြီးတော့ သူကနေပြီးတော့ ပြောတယ်။”
ဧပြီလ (၂၅) ရက်နေ့ မနက်ပိုင်းက (၂) နာရီကြာ ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်ပါတယ်၊ ဒီအချက်တွေကတော့ MPO လို့ခေါ်တဲ့ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု ခံထားရသူတွေ တတိယနိုင်ငံ ထွက်ခွင့် ဆိုင်းငံ့ ခံထားရမှု၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရဖို့အတွက် လျှောက်ထားဆဲ ဒုက္ခသည် PRE တွေကို ထိုင်းအစိုးရက အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့ထားခြင်းကို တိကျတဲ့ အဖြေပေးရန်၊ စခန်းပြင်ပမှာ စာရင်းသွင်းခဲ့ကြပြီး ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရဖို့ လျှောက်ထားတဲ့ NI အမျိုးအစား ဒုက္ခသည်တွေကို အသိအမှတ်ပြုရန်၊ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို အသိအမှတ်ပြု ခံရဖို့ လျှောက်ထားခွင့်ပြုရန် စတာတွေ ပါဝင်ပါတယ်။
စခန်းက UNHCR ရုံးတာဝန်ခံ Ms. Oliver က တောင်းဆိုချက်တွေကို လက်ခံပြီး မဲဆောက်ရုံးကို တင်ပြခဲ့ကြောင်း၊ မဲဆောက်ရုံးက မစ္စတာခွန်က လာမယ့် ကြာသာပတေးနေ့မှာ အဖြေပေးမယ်လို့ ပြောဆိုကြောင်းလည်း ကိုမျိုးမင်းအောင်က ပြောပါတယ်။ သူတို့အနေနဲ့ ဆက်လက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်တောင်းဆိုမယ်လို့လည်း ကိုမျိုးမင်းအောင်က ပြောပါတယ်။
ဒီလိုသူတို့ကို ခေါ်ယူသတိမပေးခင်မှာ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက အရာရှိတဦးနဲ့ အလွတ်သဘော ပြောဆိုရာမှာ နို့ဖိုးဒုက္ခသည် စခန်းကို အုန်းဖြန်မြို့နယ်ကနေ ဆုကလိမြို့နယ်ခွဲကို ပြောင်းရွှေ့ဖို့ လျာထားတယ်လို့ သိရကြောင်းလည်း သူကပြောပါတယ်။