ပြီးခဲ့တဲ့ ၃ ရက်အတွင်း မိတ္တီလာ အဓိကရုဏ်းကြောင့် လူဦးရေ စုစုပေါင်း ၅၀၀၀ နီးပါးလောက်ဟာ အမှတ် (၁) ရဲစခန်း၊ ခရိုင်အားကစားကွင်းနဲ့ အခြေခံပညာရေးကျောင်းတွေမှာ ယာယီ ခိုလှုံ့ခဲ့ကြရပြီး အမှတ် ၁ ရဲစခန်းဝင်းက ဒုက္ခသည် ၁၀၀၀ လောက်ကို ဒီနေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ လောက်က အထက ၁ ကျောင်းဝင်းအတွင်းကို စတင်ပြောင်းရွှေ့နေပြီလို့ သိရပါတယ်။
မိတ္တီလာ အမှတ်(၁)ရဲစခန်းနဲ့ မိတ္ထီလာခရိုင်အားကစားကွင်းမှာ ယာယီဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းနှစ်ခုက ဒုက္ခသည် အားလုံးကို အထက်တန်းကျောင်းဝင်းတွေထဲကို ရွှေ့ပြောင်းနေရာချထားပေးဖို့ ရှိတယ်လို့ မိတ္ထီလာမြို့နယ် ခရိုင်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ညနေက မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှာ ဖမ်းဆီးထိန်းသိမ်းထားသူ ၅၃ ဦးထဲက ၄၉ ဦးကို ဒီကနေ့ မနက်မှာ ခံဝန်ချုပ်တွေနဲ့ ပြန်လွှတ်ပေးလိုက်ပြီး၊ ကျန်တဲ့သူတွေကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ အဲဒီရဲအရာရှိကပဲ ပြောပါတယ်။
မိတ္တီလာမြို့မှာ တည်ငြိမ်ရေးတာဝန်ယူဖို့ ရောက်ရှိခဲ့တဲ့ အင်းတကော်အခြေစိုက် တပ်မ ၇၇ ဌာနချုပ်က တပ်ရင်းသုံးရင်းဟာ ဒီကနေ့ နေ့လည်က ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားပြီး အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းက တာဝန်ပြောင်းလဲ ယူလိုက်တယ်လို့ သိရပါတယ်။
