လေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကြိုဆိုသူတွေထဲက မြန်မာဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်ခင်မာတင်က အခုလိုပြောပါတယ်။
"မြန်မာပြည်ကတည်းက တခါမှလည်း မမြင်ဖူးဘူး။ အခုချိန်ထိလည်း မမြင်ဖူးသေးဘူးဆိုတော့ ကျမတို့ရဲ့ ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာမှာဆိုတော့ ကျမတို့ ဝမ်းလည်းသာတယ် ဝမ်းလည်းနည်းတယ်ပေါ့နော်။ ခံစားရတယ်ပေါ့ အရမ်းကိုပေါ့လေ။ တဖက်ကလည်း ကျမတို့ မတွေ့လိုက်ရမှာကို စိုးရိမ်ရတယ် ဘယ်အပေါက်ကနေ လာမယ်ဆိုတာကိုလည်း တိတိကျကျ ရေရေရာရာမသိခဲ့ရလို့။ တွေ့မှ တွေ့ရပါ့မလားဆိုတဲ့စိတ်နဲ့ စိတ်ဆန္ဒတွေ ပြင်းပြပြီးတော့ပေါ့။ ဝမ်းနည်းမိတာပေါ့။ မတွေ့ရင်တော့ ငါတို့ ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိပါတယ်"
နေ့လယ် ၁၂ နာရီကျော်မှာ အထူးဧည့်သည်တော်တွေသာ ထွက်ခွင့်ရတဲ့ ထွက်ပေါက်ကနေ အစိုးရတာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည် ကို ခေါ်ဆောင်သွားတဲ့အတွက် လာရောက် ကြိုဆိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပန်းစည်းပေးခွင့် နှုတ်ဆက်ခွင့်မရလိုက်ကြပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ အိန္ဒိယ နိုင်ငံခြားဌာနက သတင်းထုတ်ပြန်ထားပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ခရီးစဉ်ရဲ့ အဓိကဖြစ်တဲ့ နယူးဒေလီမြို့ Plenary Hall မှာ ပြုလုပ်မယ့် ဂျဝါဟာလနေရူး အထိမ်းအမှတ် ဟောပြောပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့ သူမရဲ့ အထောက်အပံ့နဲ့ ဖွင့်လှစ်ထားတဲ့ Prospect Burma ကျောင်းကို သွားရောက်လည်ပတ်မှာ ဖြစ်ပြီး အဲဒီက အပြန်မှာ နယူးဒေလီရောက် မြန်မာဒုက္ခသည်တွေနဲ့ နယူးဒေလီမြို့က Oxford School မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
၁၆ ရက်နေ့ညမှာပဲ အိန္ဒိယနိုင်ငံရဲ့ နည်းပညာမြို့တော် ဘန်ဂလို (Bangalore) ကို သွားရောက်မှာ ဖြစ်ပြီး အိန္ဒိယ သတင်းနဲ့ နည်းပညာတက္ကသိုလ်နဲ့ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး IT ကုမ္ပဏီဖြစ်တဲ့ Infosys Campus တို့ကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ အမျိုးသမီး စွမ်းရည်မြှင့်တင်မှုစီမံကိန်းတို့ကို လေ့လာပြီး ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
