လှေစီး ဒုက္ခသည် ပြဿနာ ဘင်္ဂလားဒေ့ရှ် တာဝန်လို့ မြန်မာပြော

ဒေသတွင်းမှာ လူတွေ အစုလိုက်အပြုံလိုက် နေ ရာပြောင်းရွှေ့နေကြတဲ့ပြဿနာရဲ့ မူရင်း ဇစ်မြစ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေ က ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။

အခုရက်ပိုင်းအတွင်း အင်ဒိုနီးရှားနဲ့ မလေးရှား ကမ်း လွန်ရေပြင်မှာ သစ်သားလှေတွေနဲ့ မျောပါနေတဲ့ အမျိုး သမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူနှစ်ထောင်ကျော်ကိုဆိုင်ရာ အစိုးရတွေက ကယ်တင် ခဲ့ရပါတယ်။

သူတို့ထဲက အများစုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေဖြစ်ကြပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ လည်း ပါဝင်တယ်လို့ အပြည်ပြည်ဆိုင် ရာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အကူ အညီပေးရေးအဖွဲ့ IOM က ပြောပါတယ်။

ဒါပေမဲ့ မြန်မာအာဏာပိုင်တွေကတော့ သူတို့ဟာ မြန်မာနိုင်ငံသား မဟုတ်တဲ့ ဘင်္ဂါလီတွေသာ ဖြစ်တယ်လို့ ပြော ဆိုပါတယ်။

မြန်မာအစိုးရ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က လူသားချင်းစာနာရေး ရှုထောင့်က ကြည့်ရင် အင်ဒိုနီးရှား နဲ့ မလေးရှားအစိုးရတို့ရဲ့ ကူညီစောင့်ရှောက်မှု ဟာ အလွန်ပဲကောင်းမွန်ပါတယ်၊ ဒါပေမဲ့ သူတို့ကိုယ် သူတို့မြန် မာနိုင်ငံက လာတာပါလို့ ပြောကြတဲ့ အဲဒီလူတွေဟာ အမှန်တကယ် မြန်မာနိုင်ငံက လာတာ ဟုတ်ရဲ့လား ဆိုတာက ပြဿနာဖြစ်ပါတယ်၊ တကယ်တော့ ဒီပြဿနာရဲ့ မူလ ဇစ်မြစ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံပဲ ဖြစ်ပါတယ်၊ ဘင်္ဂလားဒေ့ရှ်မှာ အဓိက တာဝန်ရှိ ပါတယ်၊ မြန်မာအနေနဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့အမည်ကို လုံးဝလက်မခံပါဘူး လို့ AFP သတင်းကို ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အခုဆိုရင် ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှု ရရှိနေပါပြီ၊ ဒါပေမဲ့ ပြည်နယ် တစ်ခုလုံးဟာ အရေးပေါ် အခြေ အနေ အောက်မှာရှိနေဆဲဖြစ်ပါတယ်၊ ဒါကိုနားလည် ဖို့လိုပါတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီနှစ် ပထမသုံးလတွင်း အခုလို လှေနဲ့ ထွက်ပြေးကြသူပေါင်း နှစ်သောင်းခွဲ လောက်ရှိမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်းထားပြီး၊ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ် ကထက် နှစ်ဆပိုပြီး များပြားလာတာ ဖြစ်ကြောင်း ပြောပါတယ်။