မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် လျှောက်ထားသူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ ဒုက္ခသည် အသိအမှတ်ပြု သက်သေအထောက်အထားတွေကို လာမယ့်စက်တင်ဘာလ ၂ ရက်နေ့ကနေ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအထိ နေရာ ၇ နေရာခွဲပြီး စတင်ထုတ်ပေးတော့မယ်လို့ သိရပါတယ်။
ကွာလာလမ်ပူမြို့ Chinese Assembly Hall မှာ ဒီလအတွက် ၈ ရက်နေ့ကကျင်းပတဲ့ UNHCR အရာရှိတွေနဲ့ မြန်မာဒုက္ခသည် တိုင်းရင်းသား အဖွဲ့အစည်းတွေတွေ့ဆုံပွဲမှာ အခုလိုထုတ်ပြောတာဖြစ်ကြောင်း မလေးရှားရောက် ချင်းလူမျိုး ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဆလိုင်းကျော်ကျော်က ပြောပါတယ်။
"ဒီလ UN ရဲ့ CDU meeting မှာ တိုင်းရင်းသား ကွန်မြူနတီအဖွဲ့တွေနဲ့ တွေ့ဆုံပြီးတော့ အဲဒီမှာ UN officer များက ပြောသွားပါတယ်၊ မြန်မာလူမျိုးများကို UN ကတ်များ စတင်ထုတ်ပေးတော့မယ်လို့ သူတို့ပြောသွားပါတယ်၊ မြန်မာနိုင်ငံ တိုင်းရင်းသား ကျနော်တို့အားလုံးပါဝင်မှာပါခင်ဗျ၊ နောက်ပြီးတော့ သူတို့က ၂ဝ၁၃ မတ်လအထိပဲ ရောက်တဲ့သူတွေကိုပဲပေးမယ်လို့ ပြောပါတယ်ခင်ဗျ"
ယခင်က Refugee ဒုက္ခသည်လို့ရေးထားတဲ့ ဒီကတ်ကို အခုအခါမှာ Asylum Seeker ခိုလှုံခွင့် လျှောက်ထားသူလို့ အမည်ပြောင်းလဲ ခေါ်ဝေါ်ပေးမှာဖြစ်တယ်လို့သိရပြီး အခုထုတ်ပေးမယ့် အစီအစဉ်မှာ မြန်မာပြည်သား ဒုက္ခသည်အရေအတွက် ၄၅၆၅၉ ဦး ပါဝင်မယ်လို့လည်း သိရပါတယ်။
ယခုထုတ်ပေးမယ့် မြို့နယ်တွေကတော့ (Perak/Kedah) ပီရက်ကယ်ဒါမှာ လူဦးရေ ၃၂၄၄ဦးအတွက် စက်တင်ဘာ (၂) ရက်နေ့၊ (Cameroon Highland) ကမ်မရွန်း ဟိုက်လန်းမှာ လူဦးရေ ၄ဝ၂၇ဦး အတွက် စက်တင်ဘာ(၉) ရက်ကနေ (၁၅) ရက်နေ့၊ (Kuantan/Pahang) ကွမ်တမ် ပါဟန်းမှာ လူဦးရေ ၄၁၂ဦးအတွက် စက်တင်ဘာ(၁၇)ရက်နေ့၊ (Johore Baru) ဂျာဟိုးဘာရူးမှာ လူဦးရေ ၁ဝ၁၅ဦး အတွက် စက်တင်ဘာ (၂ဝ)ကနေ (၂၄) ရက်နေ့၊ (Seremban) ဆရမ်ဘမ်းမှာ လူဦးရေ ၁၃၅ဝဦးအတွက် စက်တင်ဘာ (၂၆) ကနေ (၂၈) ရက်နေ့၊ ကွာလာလမ်ပူ (Selangor) ဆယ်လန်ဂေါမှာ လူဦးရေ (၃၄၂၂၇) ဦးအတွက်နဲ့ (Penang) ပီနန်မှာ လူဦးရေ ၁၃၈၄ဦး အတွက် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလ (၃) ရက်ကနေ (၅)ရက်နေ့အထိ ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ အခြေအနေအပေါ်မှုတည်ပြီး UNHCR ဒုက္ခသည်လက်မှတ် ထုတ်ပေးခဲ့ရာမှာ ၂ဝ၁ဝ ခုနှစ် ဧပြီလက နောက်ဆုံးထုတ်ပေးခဲ့ပြီး အခုမှဒီလုပ်ငန်းစဉ် ပြန်လည်စတင်မှာ ဖြစ်ပါတယ်၊ လက်ရှိမှာတော့ မလေးရှားနိုင်ငံအတွင်း UNHCR ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား (၇ဝဝဝဝ) ခန့်ရှိပြီး၊ အလုပ်လာရောက် လုပ်ကိုင်နေသူတွေအပါအဝင် မြန်မာပြည်သား (၂) သိန်းခန့်ရှိနေတယ်လို့လည်း သိရပါတယ်။