တိုက်ပွဲစဲလို့ စစ်ပြေး ရှမ်းဒုက္ခသည်တွေ နေရပ် ကိုပြန်ကြ


2014.04.16
kachin-refugee-children-b305 ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသော ပြည်သူတချို့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ရက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွေဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တော်တော်များများဟာ တိုက်ပွဲငြိမ်သွားတဲ့ အတွက် သူတို့နေရပ်ကို ပြန်သွားကြပြီလို့ သိရပါတယ်။

နမ့်ခမ်းမြို့မှာ ခိုလှုံခဲ့ကြတဲ့ နမ့်ခမ်းမြို့နယ်အတွင်းက ရှမ်းတိုင်းရင်းသား စစ်ပြေးရှမ်းဒုက္ခသည်တွေ အားလုံးနီးပါး သက်ဆိုင်ရာကျေးရွာတွေ ကို ပြန်သွားတဲ့ အကြောင်း နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမတ် ဦးစိုင်းတင်ဦးက အခုလို ပြော ပါတယ်။

"အခုငြိမ်သွားပြီခင်ဗျ၊ ဒုက္ခသည် လည်း ပြန်ကုန်ကြ ပြီ၊ ကျနော်တို့ဘက်ပြေးလာတဲ့ ရှမ်းလူမျိုးတွေ သူတို့ အိမ်ပြန်ကုန်ကြပြီ၊ စစ်ကရပ်တာလည်း တပိုင်းပေါ့လေ၊ လက်ရှိလုပ်ငန်းတွေက မပြတ်သေးတာ တပိုင်းပေါ့လေ၊ သူတို့ပစ္စည်းတွေ ထုတ်ထားတာ လည်းရှိတယ်၊ အဲဒါကြောင့် သူတို့ပစ္စည်းတွေ စိတ်မချတာလည်းတစ်ခု အိမ်သွားစောင့်တာလည်းတစ်ခု"

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့တွေက အစိုးရတပ်မ ၈၈ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်မဟာ ၃ လက်အောက်ခံတပ်ရင်း၂၇ တို့ ကချင်ပြည်နယ် မန်စီမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အစပ် ဒေသတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း၁၈ ရွာကဒုက္ခသည်တွေဟာ နမ့်ခမ်းမြို့နဲ့ တရုတ်ပြည်နယ်စပ်ဘက်တွေကို တိမ်းရှောင်ထွက်ပြေးလာကြတာဖြစ်ပါတယ်။

ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပေါင်း ၇၀၀ လောက်ကို နမ့်ခမ်းမြို့  မန်ဟောင်းဘုန်းကြီးကျောင်းနဲ့ အ ထ က ၂ ကျောင်းတွေမှာ နေရာချထားပေးခဲ့ရတာဖြစ်ပါတယ်။ ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက ထွက်ပြေးကြပြီး နမ့်ခမ်းမြို့မှာ ခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား ဒုက္ခသည်တွေကတော့ နမ့်ခမ်းမြို့မှာ ရှိနေသေးတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။