ပယ်ချခံ ကိုယ်စားလှယ်လောင်း ၄၀ နီးပါးအထိ ရှိလာ


2015.08.31
election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

နိုဝင်ဘာလ ၈ရက်နေ့မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်း တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက်ထဲမှာ အခုချိန်ထိ ပယ်ချခံရသူ ၄၀ နီးပါးလောက် ရှိသွားပြီ ဖြစ်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ထဲမှာတင် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၁ ယောက်ထဲမှာ ကိုယ်စားလှယ်လောင်းအရည်အချင်း မညီလို့ဆိုပြီး ပယ်ချခံထားရသူ အခုချိန်ထိ ၁၂ ဦး ရှိတယ် လို့ ခရိုင်ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရသူတွေထဲမှာ သူတို့ကိုမွေးဖွားစဉ်က မိဘနှစ်ပါးကနိုင်ငံသား မဖြစ်သေးတာကြောင့်ဖြစ်သလို ပါတီတစ်ခုတည်းက နှစ်ဦးအမည် စာရင်း တင်ထားတာကြောင့် တစ်ဦးကို ပယ်ချလိုက်တာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောပါတယ်။

"ကျနော်လောလောဆယ် ၁၂ ယောက်လောက် ပယ်ပါတယ်၊ အထူးသဖြင့် မိဘတွေက သူတို့မွေးတဲ့အချိန် မှာ နိုင်ငံသားဟုတ် မဟုတ် အဲ့ဒါလေးတွေများပါတယ်၊ တစ်ယောက်ကတော့ NLD ပါတီကပါ ပထမတာဝန် တစ်ယောက်ပေးတယ်၊ နောက်လူစား တခြားတစ်ယောက်ကို ပေးတဲ့အခါကျတော့ ပါတီတစ်ခုတည်း လူနှစ်ယောက်ထပ်သွားတဲ့အခါကျတော့ တစ်ယောက်ပယ်ရတဲ့သဘောပါ"

ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေကနေ ပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်ထံ အယူခံတင်ထားသူ ၆ဦး ရှိတယ်လို့ သိရပါတယ်။ အဲဒီ ၆ဦးထဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်စိုးကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေအပေါ် ပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့နဲ့ ဥပဒေပညာရှင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ  စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။