ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ကိုယ်စားလှယ်လောင်း ၁၈ ဦးအနက် ၁၇ ဦး ပယ်ချခံရ


2015.09.01
democarcy-human-rights-party-620.JPG ၂ဝ၁၄ ခုနှစ် အောက်တိုဘာလကပြုလုပ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ သတင်းစာရှင်းလင်းပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကျော်မင်း ကို တွေ့ရစဉ်
Photo: RFA

အစ္စလမ်ဘာသာဝင်တွေနဲ့ စုစည်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ဦး အမည်စာရင်း တင်သွင်းထားရာမှာ ၁၇ ဦးပယ်ချခံရတဲ့အတွက် ၁ ဦးသာ ရွေးကောက်ပွဲဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်လောင်း ၁၁ ဦးနဲ့ ရန်ကုန် တိုင်းဒေသကြီးက ၆ဦး ပယ်ချခံရတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မာမောက်ရှောင်ရှုအာနောရူလာဟောက်က ပြောပါတယ်။

"ကိုယ်စားလှယ်လောင်း ၁ နေရာပဲရပါတယ်၊ ကျန်တဲ့ဟာကို ပယ်ချပါတယ်၊ ရခိုင်ပြည်နယ်မှာ ၁၁ နေရာ၊ ရန်ကုန်တိုင်းက ၇ နေရာ အားလုံးပေါင်း ၁၈ နေရာ၊ ရန်ကုန်တိုင်းက ၁ နေရာပဲအောင်ပါတယ်၊ ပန်းဘဲပန်းမြို့နယ်ကပါ၊ ၇ ရက်အတွင်း အယူခံဝင်ဖို့ အစီအစဉ်လုပ်နေတယ်၊ အခုအထိမတင်ရသေးဘူး၊ စာမှာတော့ အသေးစိတ်ရှင်းပြမထားပါဘူး၊ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေနဲ့ ညီညွှတ်မှုမရှိတဲ့အတွက် အဆိုပြုလွှာကို ပယ်သည်ဆိုတာပါတယ်"

ရန်ကုန်မြို့အခြေစိုက် အဲဒီပါတီဟာ ရန်ကုန်နဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်ဖို့လျာထားခဲ့တာဖြစ်ပါတယ်။ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်လို့ဆိုတဲ့အချက်နဲ့ ယှဉ်ပြိုင်ဘက်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက် တာကြောင့် ပယ်ချခံရတာများတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအပါအဝင် ပယ်ချခံထားရသူ ၂၄ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး မှာပါတီတချို့က ပယ်ချခံထားရသူ ၂၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမည်စာရင်းတင်ထားတဲ့ ကိုယ်စား လှယ်လောင်း ၆၁၈၉ ယောက်ရှိပြီး ကိုယ်စားလှယ်လောင်းအရည်အချင်းတွေနဲ့ ညီ မညီကို ခရိုင်ကော်မရှင် ရုံးခွဲတွေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ရက်နေ့ကစပြီး ၃၁ရက်နေ့အထိ စိစစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်း ၅၀ ခန့်ရှိနေပြီး မကြာခင်မှာ ရွေးကောက်ပွဲဝင်ခွင့်ရမယ့် ကိုယ်စား လှယ်လောင်းစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မာမောက်ရှောင်ရှုအာနောရူလာဟောက်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။