မြို့တော်ခန်းမရှေ့ ဆန္ဒပြသူ ပြန်လည်လွတ်မြောက်

လက်ပံတောင်းတောင် ေကြးနီစီမံကိန်းဒေသမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နော်အုန်းလှ ကို ပြန်လွှတ်ပေးဖို့နဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို ရုပ်သိမ်းပေးဖို့ မနေ့က မြို့တော်ခန်းမရှေ့မှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ (Generation Youth) မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုကျော်သူကို မနေ့ညပိုင်းက ကျောက်တံတားြမို့နယ်ရဲစခန်းက ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

သူ့ကို ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ ဖမ်းဆီးခဲ့တာလို့ ကိုကျော်သူက ပြောပါတယ်။

"ခွင့်ပြုချက်မတင်ပဲနဲ့ ဆန္ဒထုတ်ဖော်တယ်၊ ဆန္ဒပြတယ်ဆိုပြီးတော့လာဖမ်းတာ၊ သူကပုဒ်မ ၁၈ နဲ့ တရားစွဲတာပေါ့၊ အာမခံတောင်းခိုင်းတယ်၊ အာမခံမယ့်သူမခေါ်ပဲနဲ့ ကိုယ့်ကိုယ်တိုင်ခံဝန်နဲ့ ယူမယ်၊ အဲတော့သူက ကိုယ်ပိုင်ခံဝန်ချက်ပေး တယ်၊ နောက်မှပြန်လွှတ်ပေးလိုက်တယ်"

မနေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရာမှာတော့ လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ လယ်တီဆရာတော်ကြီးရဲ့ သိမ်တော်ကို မူလအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပေးဖို့၊ ထုတ်ပြန်ထားဆဲ ပုဒ်မ ၁၄၄ကို ရုပ်သိမ်းပေးဖို့နဲ့ မတရားဖမ်းဆီးအရေးယူမှုတွေကို ရပ်ဆိုင်းပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုခဲ့တယ်လို့ ကိုကျော်သူက ပြောပါတယ်။