တောင်ကြီးမြို့မှာ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ကျင်းပ

ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့ မနက်ပိုင်းက အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

နှစ်ရက်ကြာကျင်းပနေတဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာ နှင်းအေးကိုက RFA ကို အခုလို ပြောပါတယ်။

“လက်ရှိဖြစ်ပေါ်နေသော ဘာသာတရားနဲ့ စပ်လျဉ်းပြီး တစ်ဦးနဲ့တစ်ဦးထားရှိတဲ့ သံသယတွေ အမြင်မကြည်လင်မှုတွေကို လျော့ချ ပပျောက်သွားစေရန်နဲ့ ဘာသာကွဲများအကြား ရင်းနှီးခင်မင်စွာ အတူယှဉ်တွဲနေထိုင်နိုင်စေဖို့ အတွက် ရည်ရွယ်ပါတယ်”

ဒီကနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဗုဒ္ဓဘာသာနှင့် ငြိမ်းချမ်းရေးတရား၊ ဟိန္ဒူဘာသာနှင့် ငြိမ်းချမ်းရေးတရား၊ အစ္စလာမ်ဘာသာနှင့် ငြိမ်းချမ်းရေးတရား၊ ခရစ်ယာန်ဘာသာနှင့် ငြိမ်းချမ်းရေးတရားတွေကို ဘာသာရေးခေါင်းဆောင် အသီးသီးက ဟောပြောခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အေးစေတီကျောင်းတိုက် ဆရာတော် ဦးသြဘာသက ဘာသာတစ်ခုနဲ့တစ်ခု ပဋိပက္ခမဖြစ်အောင် ကိုယ်ကျင့်တရားကောင်းမွန်ဖို့နဲ့ သည်းခံတတ်ဖို့ လိုအပ်တယ်လို့ မိန့်ကြားပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို နော်ဝေပြည်သူများ ထောက်ပံ့ရေးအဖွဲ့ Norwegian People's Aid ကူညီမှုနဲ့ ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ကျင်းပတာဖြစ်ပြီး ဘာသာ အသီးသီးက ခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအပါအဝင် လူ ၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

အခုလို ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲတွေကို ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့တွေမှာသာမကဘဲ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က မြို့တွေမှာလည်း ဆက်လက်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။