သာသနာ့အလံကို မသင့်လျော်တဲ့နေရာတွေမှာ အသုံးပြုရင် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ထုတ်ပြန်တာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
"ကျနော်တို့ Website မှာ သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ။ မဟနရဲ့ ဟိုကတည်းက ညွှန်ကြားချက်ဖြစ် ပါတယ်"
လက်ရှိမှာ တချို့သော ရဟန်း၊ သာမဏေ၊ သီလရှင်နဲ့ လူပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းတွေ က သတ်မှတ်ပြဌာန်းထားတဲ့အတိုင်း သာသနာ့အလံကို သုံးစွဲတာမဟုတ်ဘဲ နိုင်ငံရေး၊ လူမှုရေး စတဲ့ လောကီရေး ရာတွေမှာ တလွဲသုံးစွဲနေတာကို တွေ့ရှိရတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေအနေနဲ့ သာသနာ့အလံကို အသုံးပြုရာမှာ သတိပြုဆင်ခြင်သင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
သာသနာ့အလံကို ဘာသာရေး၊ သာသနာရေးနဲ့ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေ၊ ပွဲတော်တွေနဲ့ အခမ်းအနားတွေမှာ သာ သုံးစွဲနိုင်တယ်လို့ သံဃာ့နာယကလက်စွဲမှာ သတ်မှတ်ပြဌာန်းထားတယ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။
အဲဒီပြဌာန်းချက်တွေဟာ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းကြီးက ထုတ်ပြန်ထားတာဖြစ်တဲ့အတွက် သံဃာတွေ နဲ့ သီလရှင်တွေအားလုံး လိုက်နာရမှာဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့ အညီ အရေးယူခံရမှာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။
ရဟန်း၊ သာမဏေတွေအပြင် လူပုဂ္ဂိုလ်တွေဟာလည်း ဘာသာသာသနာဆိုင်ရာ အထွဋ်အမြတ်ထားတဲ့ပစ္စည်းကို တလွဲသုံးစွဲရင် အဲဒီဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်တာ ဖြစ်တဲ့အတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၉၅ နဲ့ ငြိစွန်းနေကြောင်းလည်း ရေးသားထားပါတယ်။
