အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့နိုင်ငံတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အစ္စလာမ် မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှု အကူအညီတွေပေးရာမှာ တိုင်းရင်းသား လူမျိုး၊ ဘာသာ မခွဲခြားပဲ ပေးအပ်သွားဖို့ရှိနေတယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
နိုဝင်ဘာလ ၁၄ -၁၆ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ အိုအိုင်စီအဖွဲ့နဲ့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီတို့ ပူးပေါင်းပြီး အချက် ၁၁ ချက်ပါ ပူးတွဲ ကြေငြာချက်ကို ထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာပါ။
အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အစိုးရနဲ့ပေါင်းစပ်ညှိနှိုင်းပြီး လူသားချင်းစာနာ ထောက်ထားမှုနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ လက်ရှိ ထောက်ပံ့နေတာတွေကို ဆက်လက်ပံ့ပိုးကူညီသွားဖို့ အသင့်ရှိတယ်လို့လည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။