နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူ တစ်သောင်းနီးပါးလောက် ဒီနေ့ ပြန်လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၃ ဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက ပြောပါတယ်။
ဇန်နဝါရီ ၂ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုတဲ့အစီအစဉ်အရ လွတ်မြောက်လာကြသူတွေဖြစ်ပါတယ်။ အဲဒီအထဲက နိုင်ငံရေး အကျဉ်းသားသုံးဦးတို့လည်း ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကြောင့် ပြန်လွတ်လာကြသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
"ကျနော်ထင်တာတော့ သမ္မတက သူ့ကတိအတိုင်းတည်အောင် သူလုပ်မယ်လို့ မျှော်လင့်ရတာပေါ့ဗျာ၊ ကျနော်တို့က စာရင်းလုပ်ပြီးတင်ရတာပဲ၊ လွှတ်တာကတော့ သမ္မတရဲ့သဘောထားပါ"
ဒီနေ့ လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးကတော့ ဦးဘို (မိတ္ထီလာထောင်)၊ တူးဂျာ(ခ) ကိုမြင့်သန်း(တောင်ငူထောင်) နဲ့ ဆန်းကိုဦး(သရက်ထောင်) တို့ ဖြစ်ပါတယ်။
ဒီနေ့ လွတ်မြောက်လာသူ အကျဉ်းသားတွေထဲမှာ မန္တလေးအိုးဘိုထောင်က ၈၈၃ ၊ တောင်ငူထောင် ၁၃၀၊ ပုသိမ်ထောင်က ၂၅၄ ၊ သာယာဝတီထောင် ၂၈၀ ဦး၊ မော်လမြိုင်ထောင် ၁၉၉ ဦး၊ ကော့သောင်း၊ ထားဝယ်၊ မြိတ် အကျဉ်းထောင်တွေက ၃၉၃ ဦး အစရှိသဖြင့် လွတ်လာကြတာလို့ သိရပါတယ်။
အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၅ ဦးကျန်နေသေးပြီး သူတို့အားလုံးလည်း လွတ်မြောက်လာလိမ့်မယ်လို့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ပြောပါတယ်။