ရွှေတိဂုံ ပုံတူစေတီ အင်ဒိုနီးရှားမှာ ဖွင့်လှစ်

မြန်မာနိုင်ငံက ကမ္ဘာကျော် ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံတူအတိုင်း တည်ခဲ့တဲ့ စေတီတော်ကို အင်ဒိုနီးရှားနိုင်ငံ စုမာတြကျွန်း မြောက်ပိုင်းမှာ တနင်္ဂနွေနေ့ က တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ရာမှာ အာရှတိုက်တခွင့်က ဗုဒ္ဒဘာသာ ရဟန်းတော်တွေ တက်ရောက် ကြည်ညိုတော်မူခဲ့ကြပါတယ်။

ပုံတူပွား စေတီတော်ရဲ့ ဘွဲမည်ရည်ကို ရွှေတိဂုံစေတီလို့ပဲ ခေါ်ဆိုကြောင်း သိရပါတယ်။ ရွှေတိဂုံစေတီပွားကို အင်ဒိုနီးရှားနိုင်ငံ စုမာတြကျွန်း မြောက်ပိုင်း၊ ကာရို ခရိုင်ခွဲ၊ တန်ဂိုရွာ၊ လုမ္ပနီ ဥယျာဉ်မှာ လွန်ခဲ့တဲ့ ၃ နှစ်က စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာဟာ ဘာရာတဂျီ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဒေသ အနီးမှာ ရှိပါတယ်။ ရွှေတိဂုံပုံတူစေတီကြောင့် ကောင်းကျိုးမင်္ဂလာတွေ ဖြစ်ထွန်းလာသလို ၊ ခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ မျှော်လင့်ကြောင်း အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ရွှေတိဂုံပုံတူစေတီကို ဗုဒ္ဒဘာသာ အဖွဲ့အစည်းတွေရဲ့လှူဒါန်းငွေနဲ့ တည်ဆောက်ခဲ့ပြီး ဉာဏ်ေတော် ၁၅၄ ပေ မြင့်တယ်လို့ သိရပါတယ်။