ကြံ့ခိုင်ရေးအသင်းမှ ပါတီဖြစ်လာပုံအကြောင်း အစီရင်ခံစာထုတ်ပြန်

လူမှုရေးအသင်းအဖြစ် ၁၉၉၅ ခုနှစ်က စစ်အစိုးရက စတင်ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ပါတီအသွင်ပြောင်းခဲ့တာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင်ကို ထိုင်းအခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (NDD) က နိုဝင်ဘာ ၂ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

0:00 / 0:00

အကြမ်းဖက်တာတွေကို အတိတ်က ကျူးလွန်ခဲ့တဲ့ အဖွဲ့တခု အနေနဲ့ အနာဂတ်မှာလည်း အလားတူ ကိစ္စမျိုးတွေ လုပ်သွားနိုင်တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အကြောင်းကို ရေးသားထားပါတယ်၊

ဒီအစီရင်ခံစာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကို စစ်အစိုးရက ဖွဲ့စည်းလိုက်ပြီးတဲ့နောက် အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ကိုင်ခဲ့ကြောင်း မှတ်တမ်းတင် အစီရင်ခံထားပါတယ်။ ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်းမှာ ပြုလုပ်တဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းပွဲမှာ NDD အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဒီအကြောင်း ရှင်းလင်းခဲ့ပါတယ်။

အဖွဲ့က ပြုစုခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး NDD အဖွဲ့ အတွင်းရေးမှူး စောမြင့်သူက ခုလို ပြောပါတယ်။

“၂၀၁၀ ဧပြီလ ၂၉ ရက်နေ့မှာ ပြည်ခိုင်ဖြိုးအနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီ ထူထောင်ခွင့်ကို တင်ပြပြီ ဆိုတဲ့အချိန်ကနေ စပြီးတော့ ကျွန်တော်တို့ ပိုပြီးတော့ မျက်ခြေမပြတ် အာရုံစိုက်ခဲ့တယ်၊ သူတို့ ဘာတွေ ဆက်လုပ်သွားမယ် ဆိုတာကို ဆက်တိုက် ကျွန်တော်တို့ ကောက်ယူပြီးတော့ စစ်တမ်းလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ ၂၀၀၆ ခုတုန်းကလည်း ကျွန်တော်တို့ စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်များ ဆိုပြီးတော့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ရှိတယ်။”

“၂၀၀၈ ခုနှစ် မေလမှာလည်း ကျွန်တော်တို့ English version နဲ့ ကျွန်တော်တို့ ထုတ်ပြန်ခဲ့တာ ရှိတယ်။ အခု နောက်ဆုံးကတော့ ဒီ ရွေးကောက်ပွဲအတွက် သူတို့ ပြင်ဆင်နေတဲ့ ခြေလှမ်းတွေနဲ့ အနာဂတ် မြင်ကွင်းတချို့ကို ကျွန်တော်တို့ တင်ပြတာပါ။”

ဒီအစီရင်ခံစာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ကြီးရဲ့ ပစ်မှတ်ဖြစ်ခဲ့ရတဲ့ အဖွဲ့အစည်းများအကြောင်းကို ဖော်ပြထားသလို အဖွဲ့က အဖွဲ့ဝင်အဖြစ် အဓမ္မ စည်းရုံး သိမ်းသွင်းတာတွေကိုလည်း ဖော်ပြထားပါတယ်။ အခုနောက်ဆုံး ရွေးကောက်ပွဲမှာတောင် ပြည်သူတွေကို စောင့်ကြည့်ဖို့ ဆပ်ကော်မတီ တရပ် ဖွဲ့ ထားတယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ဟာ မဲလာထည့်တဲ့ ပြည်သူတွေ၊ မဲရုံတွေရဲ့ အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ ဖြစ်ပြီး ချက်ချင်း အရေးယူ ဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာတွေ ပေးထားတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

အစီရင်ခံစာနဲ့ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က သတင်း အသေးစိတ် တင်ပြထားပါတယ်။

အသံဖိုင်ယူရန်