ဒီအစီရင်ခံစာပါ အဓိကတွေ့ရှိချက်တချို့ကို စာတမ်းပြုစုသူတဦးဖြစ်တဲ့ မက်ကွာရီ တက္ကသိုလ် (Macquarie University) ပါမောက္ခ ဒေါက်တာ ရှောင်တာနဲလ်ကို ဆက်သွယ် မေးမြန်းပြီး RFA က ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားတွေက မြန်မာပြည်ကို ပြန်ပို့တဲ့ လွှဲငွေအများစုဟာ နေ့စဉ် အသက်ရှင် ရပ်တည်ရေးအတွက် သုံးစွဲကြရပြီး ထိုင်းနိုင်ငံဖက်က ပို့တဲ့ ငွေက အများဆုံးဖြစ်တယ်လို့ ဒီဇင်ဘာ လကုန်က ထွက်လာတဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မက်ကွာရီတက္ကသိုလ် မြန်မာ့စီးပွားရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ဒီအစီရင်ခံစာဟာ ထိုင်းနိုင်ငံ ခရိုင် ၁၂ ခုမှာ ရောက်ရှိ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား တထောင်ကျော်ကို စစ်တမ်းကောက်ယူပြီး လေ့လာထားတဲ့ စီးပွားရေးစစ်တမ်းဖြစ်ပြီး ထိုင်းရောက်မြန်မာ အလုပ်သမား တွေက မြန်မာပြည်က မိသားစုအတွက် နှစ်စဉ်ပြန်ပို့တဲ့ ငွေပမာဏဟာ တဦးကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆ ရာနီးပါး ရှိတယ်လို့ဆိုပါတယ်။
ဒီအရေအတွက်ပမာဏအတိကျကို ဘယ်လိုမှ မသိနိုင်ပေမဲ့ စစ်တမ်းက ရတဲ့ အချက်အလက်တွေအရ ဆန်းစစ်ကြည့်ရင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရှိမယ်လို့ အဖွဲ့ရဲ့ ပညာရှင်တဦးဖြစ်တဲ့ ပါမောက္ခ ရှောင်တာနဲလ်က RFA ကို ပြောပါတယ်။
ပြည်ပရောက် မြန်မာအများစုဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေတာ ဖြစ်ပြီး ထိုင်းဖက်က ပို့တဲ့ ငွေဟာ အများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။ မလေးရှား၊ စင်ကာပူနိုင်ငံတွေမှာ မြန်မာ အလုပ်သမားတွေ ရှိပေမဲ့ ထိုင်းနိုင်ငံဖက်မှာလောက် အလုပ်သမား အရေအတွက် မများလှကြောင်း၊ ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေကို အဓိကထား လုပ်ကိုင်နေတာ တွေ့ရကြောင်း ပါမောက္ခရှောင်တာနဲလ်က ဆိုပါတယ်။
လေ့လာချက်မှာ အဓိက တွေ့ရှိရတဲ့ အချက်တခုက ဒီပြည်ပရောက် အလုပ်သမားတွေရဲ့ မြန်မာပြည် လွှဲငွေ အားလုံးဟာ တရားဝင် ငွေကြေး လဲလှယ်ပို့ဆောင်တဲ့ စနစ်နဲ့ ပေးပို့တာမဟုတ်ပဲ အရပ်ခေါ် ဟွန်ဒီလို့ခေါ်တဲ့ ကိုယ်စားလှယ်ကတဆင့် လွှဲတဲ့ငွေတွေ ဖြစ်ပါတယ်လို့လည်း သူက ပြောပါတယ်။
‘အခုလိုဖြစ်ရတဲ့အကြောင်းတရပ်က မြန်မာအစိုးရ အာဏာပိုင်တွေအပေါ် လူတွေက မယုံကြည်လို့၊ မြန်မာကျပ်ငွေကို မယုံကြည်လို့ ဆိုတာတွေချည်း မဟုတ်ပဲ မြန်မာပြည်က အဖွဲ့အစည်းတွေဖြစ်တဲ့ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်တွေအပေါ် မယုံကြည်ကြတာလည်း ပါပါတယ်လို့ ပါမောက္ခ ရှောင်တာနဲလ်က ပြောသွားတာပါ။
ဒီလွှဲငွေအားလုံးရဲ့ ၉၈ ရာခိုင်နှုန်းဟာ ဟွန်ဒီငွေလွဲှစနစ်၊ လူကြုံနဲ့ ငွေသားသက်သက် ပို့တာစတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစာတမ်းက အရေးအကြီးဆုံး တွေ့ရှိချက်ကတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေက မြန်မာပြည်ထဲကို ပြန်ပို့ငွေဟာ နေ့စဉ် စားဝတ်နေရေးအတွက် ပို့ကြ သုံးစွဲကြရတာ ဖြစ်တယ်လို့ ပါမောက္ခ ရှောင်တာနဲလ်က ပြောပါတယ်။
အလွန် ထင်ထင်ရှားရှား တွေ့ရှိမှု တခုကတော့ ဒီပို့ငွေအများစုက နေ့စဉ် စားဝတ်နေရေး သက်သက်သာ အသုံးပြုဖို့ ရည်ရွယ်ပို့ကြတာ ဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တခြားနိုင်ငံတွေလို စီးပွားရေးလုပ်ငန်းတခု ထူထောင်လုပ်နိုင်ဖို့ အရင်းအနှီး ဆိုတာမျိုး မတွေ့ရပါဘူး။ လက်တင်အမေရိကတိုက်က မက္ကဆီကိုလို နိုင်ငံမျိုးမှာ ပြည်ပရောက် အလုပ်သမားတွေ ငွေပို့တာဟာ စီးပွားရေးလုပ်ဖို့၊ အိမ်ဆောက်ဖို့ စတဲ့ အချက်က များပါတယ်။
ဒါကတော့ ပါမောက္ခရှောင်တာနဲလ် ပြောသွားတာ ဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရရင် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မှုမျိုး ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းတရပ် ထူထောင်မှု၊ အိုးအိမ် တည်ဆောက်မှုမျိုးတွေ မဟုတ်ပဲ စားဝတ်နေရေး၊ ကျန်းမာရေး အခြေခံလိုအပ်ချက်တွေ၊ ဘဝ အသက်ရှင် ရပ်တည်ရေးအတွက် သက်သက် သုံးဖို့ ဖြစ်နေတာ တွေ့ရပါတယ်လို့ ပါမောက္ခ ရှောင်တာနဲလ်က ဆိုပါတယ်။
မြန်မာပြည်အတွက်တော့ ရင်းနှီးမြှုပ်နှံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတွေက အလွန်ဆင်းရဲတော့ ဒီငွေကို အသက်ရှင် ရပ်တည်ဖို့သက်သက် သုံးစွဲကြရတာဖြစ်ပါတယ်လို့ သူက ပြောသွားပါတယ်။
ဥပမာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် မြန်မာအစိုးရက လူတဦးအတွက် တနှစ်မှာ အမေရိကန် ဒေါ်လာ ၁ ဒေါ်လာဖိုးသာ သုံးတယ်ဆိုတဲ့ အခြေအနေမျိုးကြောင့် ပြည်သူတွေဟာ အခြေခံကျန်းမာရေး လိုအပ်ချက်တွေ အတွက် ကိုယ့်ဖာသာ ပြန်လည်သုံးစွဲနေတဲ့ အခြေအနေမျိုးကို ဖော်ပြနေပါတယ်၊
အစီရင်ခံစာနိဂုံးမှာ စာတမ်းပြုစုသူ ပညာရှင် ၃ ဦးက ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လွှဲငွေအကြောင်း လေ့လာချက်ကနေ မြန်မာ့နိုင်ငံရေး စီးပွားရေး ပုံရိပ်ကို လှစ်ဟ ပြနေတဲ့ အချက်တချို့ကို ဖော်ပြထားတာ တွေ့ရပါတယ်။
၁ အချက်က ဒီပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လွှဲငွေဟာ တခြားနိုင်ငံတွေမှာ တိုင်းပြည် စီးပွားရေးကို ဦးမော့ တိုးတက်လာစေမဲ့ အရေအတွက် ပမာဏဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
၂ အချက်က ဒီလို ပမာဏ ကြီးမားများပြားပေမဲ့ မြန်မာနိုင်ငံမှာတော့ ပြည်သူတွေဟာ ဒီလွှဲငွေကို အသက်ရှင်ဖို့သက်သက် သုံးနေကြရတယ်။
၃ အချက်က တရားဝင် ငွေလွှဲလမ်းကြောင်းတရပ်နဲ့ မြန်မာပြည်ကို လွှဲပို့ရတဲ့ အခြေအနေမျိုးဆိုရင် အခုထက် ကုန်ကျစရိတ်သက်သာပြီး ပြည်တွင်း အခြေခံလုပ်ငန်း အဖွဲ့အစည်းတွေအတွက် တိုးတက်အောင်မြင်ရာ လမ်းကြောင်းတွေ ပွင့်လာနိုင်တယ်။
နောက်ဆုံး နံပါတ် ၄ အချက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရာ စီးပွားရေးအခြေအနေဟာ အဆုံးစွန် ဆိုးရွားနေတဲ့ အခြေအနေရောက်နေတာကို ဒီငွေလွှဲမှု လေ့လာချက်ကနေ လှစ်ဟပြနေတယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။
